Friday 24 April 2015

ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ အဖွဲ့ ၁၂ ဖွဲ့သာ တက်ရောက် ရန် ဖိတ်ကြား

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ဆုံးဖြတ်မည့် တိုင်းရင်းသားညီလာခံသို့ တက်ရောက်ရန် လက်နက်ကိုင်တပ်ဖွဲ့ ၁၂ ဖွဲ့သာ ဖိတ်ကြားထားကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး အဖွဲ့ NCCT ထံမှ သိရှိရသည်။
မေလ ၁ ရက်နေ့တွင် စတင်ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံသို့ တက်ရောက်ရန် NCCT အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့နှင့် NCCT အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့တို့ကိုသာ ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း ယင်းညီလာခံကို တာဝန်ယူကျင်းပမည့် “ဝ” ပြည် သွေးစည်း ညီညွတ် ရေးပါတီ UWSP ၏ ပြန်ကြားရေးတာဝန်ခံ ဦးအောင်မြင့်က ပြောကြားသည်။

အဆိုပါ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂၁ ဖွဲ့ ရှိသည့်အနက် ၁၂ ဖွဲ့သာ တက်ရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်သည်။

ယင်းညီလာခံသို့ ဖိတ်ကြားခြင်း မခံရသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကိုမူ UWSP ပြန်ကြား ရေး တာဝန်ခံ ဦးအောင်မြင့်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ယင်းညီလာခံတွင် ဖိတ်ကြားခြင်း မခံရသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ညီလာခံပြီးသည့် အချိန်တွင်မှ သီးခြားအစည်းအဝေးတစ်ခု ပြုလုပ် ကာ ဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ညီလာခံကို သုံးရက်လို့ လျာထားပေမယ့် ဆွေးနွေးပွဲ အခြေအနေအရ ဒီထက်လည်း ရက်ထပ်တိုးသွားဖို့ ရှိပါတယ်” ဟု “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီမှ ပြောခွင့်ရ ဦးအောင်မြင့်က ပြောကြားသည်။

ယင်းတိုင်းရင်းသား ညီလာခံကို NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မိုင်းလားတပ်ဖွဲ့၊ UWSP/UWSA အဖွဲ့တို့ တက်ရောက်မည် ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရှိရသည်။

အဆိုပါ ညီလာခံတွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား ညှိနှိုင်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အတည်ပြုသွားမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ဆိုသည်။

ယင်းအပြင် အပစ်ရပ်မူကြမ်းပေါ်တွင် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကျင်းပမည့် ပုံသဏ္ဌာန်များကို ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချို့ထံမှ သိရှိရသည်။

တိုင်းရင်းသားများဘက်မှ တောင်းဆိုထားသည့် အချက်များအပေါ် အစိုးရဘက်မှ သဘောတူနိုင်မှု အခြေအနေနှင့် အပစ်ရပ်မူကြမ်းအပေါ် ပြန်လည်သုံးသပ်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း NCCT ထံမှ သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ ရှိသည့်အနက် NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ထဲမှ ကိုးဖွဲ့နှင့် အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့သာ တိုင်းရင်းသားညီလာခံကို တက်ရောက်မည် ဖြစ်သည်။

ယင်းထိပ်သီးညီလာခံမှ ထွက်ပေါ်လာမည့် အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် ပြန်လည်ညှိနှိုင်းမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများထံမှ သိရှိရ သည်။

မတ်လ ၃၁ ရက်နေ့တွင် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

ယင်းမူကြမ်းကို နှစ်ဖက်အဖွဲ့များ၏ သက်ဆိုင်ရာ ခေါင်းဆောင် အသီးသီး ထံတွင် တင်ပြပြီးပါက တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးမည့်အချိန် နေရာနှင့် ပါဝင် လက်မှတ် ရေးထိုးမည့်သူ စာရင်းကို UPWC နှင့် NCCT အဖွဲ့အကြား ထပ်မံတွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အစိုးရနှင့် NCCT အဖွဲ့တို့က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment