Friday 24 April 2015

၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီသစ် ၁၇ ခု တည်ထောင်ခွင့် လျှောက်ထား

ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအသစ် ၁၇ ခု တည်ထောင်ခွင့် ထပ်မံလျှောက်ထားလာကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြား ရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခြင်းကို ဧပြီလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထား ပြီးနောက် ယင်းသို့ နိုင်ငံရေးပါတီများ အသစ် ထပ်မံလျှောက်ထားလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အခု လောလောဆယ်အထိ အသစ်ထပ်လျှောက်တာ ၁၇ ပါတီ ရှိတယ်။ ကျွန်တော်တို့ စိစစ်နေပါပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ အသစ်လျှောက်ထားသော နိုင်ငံရေးပါတီများတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်ဟောင်းများ ဦးဆောင်ပါဝင်မည့် နိုင်ငံရေးပါတီများ ပါဝင်ခြင်း ရှိမရှိကိုမူ ထုတ်ဖော်ပြောကြားခြင်း မပြုနိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် မဲဆွယ်စည်းရုံးရေးအတွက် အချိန်လုံလောက်စေရန်အတွက် နိုင်ငံရေးပါတီအသစ်များ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်လျှောက်ထားခြင်းကို ဧပြီလ ၃၁ ရက်နေ့ နောက် ဆုံးထား ပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ထားသည်။

ပါတီစုံ ဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီ များပြားလာခြင်း ဖြစ်သော်လည်း နိုင်ငံရေးပါတီ များပြား လွန်း သောကြောင့် အရေးကြီးသော နိုင်ငံရေးဆွေးနွေးပွဲများတွင် ကိုယ်စားပြု ပြဿနာ ကြုံတွေ့လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုထားသည်။ တည်ထောင်ခွင့် လျောက်ထားသည့် ပါတီများထဲတွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ် နာယကအဖြစ် ဆောင်ရွက် မည့် ပါတီတစ်ခုလည်း ပါဝင်ကြောင်း ယင်းပါတီထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီ ၇၀ ကျော် ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment