Tuesday 28 April 2015

စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့အချို့ နီပေါကဲ့သို့ အင်အားပြင်း ငလျင်ကြီး အန္တရာယ်ကို သတိပြုရန်လိုဟုဆို

စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မြို့အချို့မှာ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကဲ့သို့ မြေငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိသည့် အတွက် သတိပြုနေထိုင်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောကြားသည်။

အဆိုပါ စစ်ကိုင်းပြတ်ရွေ့ကြောသည် ၁၉၃၀ ပြည့်နှစ် ဝန်းကျင်က နီပေါငလျင်ကဲ့သို့ပင် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ဖူးကြောင်း၊ ယင်းကြောင့် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှု မရှိသည်မှာ နှစ်ပေါင်း ၈၀ ကျော်လာသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ဆွာနှင့် ပူတာအို စသည့် မြို့များမှာ တစ်ကျော့ပြန် အင်အားပြင်း မြေငလျင် အန္တရာယ်ရှိနိုင်ကြောင်း ၎င်းက သတိပေးပြောဆိုသည်။

“အခုနီပေါမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် မြေထုချပ်တွေ ရွေ့သွားတာကတော့ မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ကြီး မဆက်စပ်ပါဘူး။ ဒါပေမဲ့ စစ်ကိုင်းပြတ်ရွေ့မှာတော့ နီပေါက ငလျင်လိုမျိုး လှုပ်ထားတဲ့ မှတ်တမ်းတွေ ရှိထားတော့ ငလျင်အန္တရာယ်ကိုတော့ သတိထားရမယ်” ဟု ဦးစိုးသူရထွန်းက ဆိုသည်။

ထို့ပြင် စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတောင်ပိုင်း ရန်ကုန်၊ သန်လျင်နှင့် ခရမ်းသုံးခွမြို့ဘက်မှ မြောက်ပိုင်းဒေသ ပူတာအိုမြို့အထိ ကီလိုမီတာ ၁၀၀၀ အရှည်ဖြင့် ဖြတ်သန်းသွားခြင်း ဖြစ်ကြောင်း၊ ယင်း အပြင် ရန်ကုန်နှင့် သန်လျင်မြို့အနီးတွင်လည်း ဒေးဒရဲပြတ်ရွေ့ ရှိနေခြင်းကြောင့်လည်း ငလျင်အန္တရာယ် ကို သတိပြုရန် လိုအပ်ကြောင်း ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် ဒေါက်တာမျိုးသန့်က ပြောကြားသည်။

“စစ်ကိုင်းပြတ်ရွေ့ တကောင်းအပိုင်းကနေ ၁၉၄၆ စက်တင်ဘာ ၁၂ ရက်နေ့မှာ ရစ်ခ်ျစတာစကေး ၇ ဒသမ ၃ နဲ့တစ်ကြိမ် လှုပ်ဖူးတယ်။ နောက်ဒုတိယ သပိတ်ကျင်းငလျင် အနေနဲ့ ၂၀၁၂ နိုဝင်ဘာမှာ ၆ ဒသမ ၈ နဲ့ လှုပ်တယ်ဆိုတော့ ၁၉၄၆ ဒီအပိုင်းကနေ နှစ်ပေါင်း ၇၀ ဝန်းကျင်မှာတစ်ကြိမ် ပြန်လှုပ်တာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင်လည်း အင်အားပြင်း ငလျင်ကြီးများ လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့များ ရှိနေသည့်အတွက် အဆောက်အအုံများ၊ ဆည်များနှင့် တံတားများ စသည့်တို့ကို ခိုင်ခံ့စွာ တည်ဆောက်ရန် လိုအပ်ပြီး အရေး ပေါ် အခြေအနေ၌ လိုအပ်သည့် ရေ၊ ရိက္ခာနှင့် ဆေးဝါးတို့ကို ကြိုတင်စုဆောင်းထားသင့်ပြီး ကူညီ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လည်း ပြင်ဆင်ထားသင့်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက တိုက်တွန်းပြောဆိုထားသည်။

ရခိုင်ငလျင်ကြော၊ စစ်ကိုင်းငလျင်ကြော၊ ကျောက်ကြမ်းငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြော ဟူ၍ ငလျင်ကြော (၅) ခု ရှိပြီး သဘာဝဘေးအန္တရာယ် အနေဖြင့် ပျက်စီးဆုံးရှုံးမှုများသည့် နေရာမှာ စစ်ကိုင်းငလျင်ကြော ဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment