Tuesday 28 April 2015

“၀” ဒေသက မူးယစ်ရာဇာတွေ ဘာအကျိုးကို မျှော်ကိုးပြီး တိုင်းရင်း သားညီလာခံလုပ်ခွင့်ပေးတာလဲ ?

လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ မသက်ဆိုင်တဲ့ အရေးကိစ္စတွေကို ကြည်ဖြူစွာ ဆောင်ရွက်ပေးတယ်ဆိုရင် သူ့အတွက် အကျိုးတစ်ခုခုရလို့သာ ဖြစ်ပါတယ်။ ဒါဟာ ပုထုဇဉ်တွေ ရဲ့ ဖြစ်လေ့ဖြစ်ထနိယာမ တစ်ခုပါ။ အခု“၀”ဒေသ၊ ပန်ဆန်းမှာ စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားညီလာခံကို မကြာမီရက်ပိုင်းအတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ “၀” ဒေသက မူးယစ်ရာဇာ တွေ ကိုယ်နဲ့မဆိုင်တဲ့ တိုင်းရင်းသားညီလာခံကို သဘောတူ ကြည်ဖြူစွာ လက်ခံကျင်းပပေးတာ ထူးဆန်းတာတော့ အမှန်ပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ “၀”ဒေသက UWSA အဖွဲ့ဟာ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ခပ်ကင်း ကင်းနေ ခဲ့တဲ့အဖွဲ့ပါ။ အကြောင်းမဲ့ပြောတာ မဟုတ်ပါဘူး။ “၀” ခေါင်းဆောင်တွေ ဘယ်လောက် ထိအောင် ကင်းရှင်းခဲ့သလဲဆိုရင် အခုလုပ်မယ့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းသားညီလာခံမတိုင်မီ ရှေ့မှာလုပ်ခဲ့တဲ့ သုံးကြိမ်စလုံး မတက်ရောက် ခဲ့ပါဘူး။ သူတို့နဲ့ မဆိုင်သလိုနေခဲ့တာပါ။ 

ပထမအကြိမ်တိုင်းရင်းသားညီလာခံကို ကချင်ပြည်နယ်၊ လိုင်ဇာ၊ ဒုတိယအကြိမ် ညီလာခံကို ကရင် ပြည်နယ်၊ လော်ခီးလာ၊ တတိယ အကြိမ်ညီလာခံကို လိုင်ဇာမှာပဲ ထပ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီ ညီလာခံ သုံးကြိမ် စလုံး UWSA အဖွဲ့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့်သူတို့အဖွဲ့ မတက်ရောက်ခဲ့ ပါဘူး၊ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ် လောက် ထိအောင် ကင်းသလဲဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။

နောက်ထပ်ထောက်ပြစရာအချက်ကတော့ UWSA အဖွဲ့ဟာ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိတာပါပဲ။ သာဓကအနေနဲ့ UNFC မှာရောNCCT အဖွဲ့မှာပါ UWSA မပါဝင်ပါဘူး။ အဲဒီလို တစ်သီးတစ်ခြား ရပ်တည်နေတဲ့ UWSA အဖွဲ့က တိုင်းရင်းသားညီလာခံ လက်ခံကျင်းပပေး တာကတော့ သူ့အကျိုးစီးပွားအတွက်ကလွဲပြီး တစ်ခြား မရှိနိုင်ဘူး လို့ပဲ မြင်ပါတယ်။ 

အဲဒီတိုင်းရင်းသားညီလာခံမှာ UNFC က အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ဖုန်ကြားရှင်အဖွဲ့၊ AA နဲ့ TNLA အဖွဲ့တွေကို ဖိတ်ကြားတယ်လို့ သိရပါတယ်။ တိုင်းရင်းသားညီလာခံကို “၀” အဖွဲ့ဌာနချုပ်၊ ပန်ဆန်းမှာ လက်ခံကျင်းပ ပေးရင် UWSA အဖွဲ့အတွက် ဘာ အကျိုးအမြတ်တွေရမလဲဆိုတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေထံ UWSA အဖွဲ့ပိုင် လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချလိုက်ရရင် မူးယစ်ရာဇာတွေ အတွက် တစ်ချက် ခုတ် နှစ်ချက်ပြတ် ဖြစ်မသွားပေဘူးလား။ အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ UWSA ရဲ့ သဘောဆန္ဒကို လွန်ဆန်ဖို့လည်းခက်ခဲ သွားမှာ ဖြစ်တဲ့အတွက် မျက်နှာလို မျက်နှာရ “၀”ပိုင် မူးယစ်ဆေးတွေ ရော၊ လက်နက်ခဲယမ်း တွေပါ ၀ယ်ရတော့ မှာဖြစ်ပါ တယ်။ 

ပြီးရင် ကိုးကန့်ဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဖုန်ကြားရှင်အဖွဲ့၊ AA၊ TNLA၊ မိုင်းလားအဖွဲ့၊ SSA(၀မ်ဟိုင်း)၊ KIA တပ်မဟာ(၄)အဖွဲ့တွေကို အစိုးရတပ်မတော်ဘက်က တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချေမှုန်းတိုက်ခိုက် သွားမယ် ဆိုပြီး အသံတွေ ထွက်လာပါတယ်။ ဒီအချိန်မှာ လွတ်နေတာက “၀” အဖွဲ့ပဲရှိပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး UWSA ခေါင်းဆောင် တွေက ပန်ဆန်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနိုင်တဲ့ ဈေးကွက် အဖြစ်တောင် ဖန်တီး မှာ စိုးရိမ်ရပါတယ်။ 

အချုပ်ပြောရရင် “၀” ဒေသ က မူးယစ်ရာဇာတွေဟာ သူ့အတွက် အမြတ်မရဘဲ တိုင်းရင်းသားညီလာခံကို လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ UWSA ခေါင်းဆောင်(၈)ယောက်ဟာ အမေရိကန်က ဒေါ်လာ(၂)သန်းနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မူးယစ်ရာဇာတွေ ဖြစ်ပါတယ်။ မူးယစ်ရာဇာတွေကြီးစိုးတဲ့ ပန်ဆန်းမှာလုပ်မယ့် တိုင်းရင်းသား ညီလာခံဟာ လည်း မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကား ရာ ဈေးကွက်ကြီး ပဲ ဖြစ်သွား မလား၊ ဒါမှမဟုတ် UWSA ပိုင် လက်နက်ခဲယမ်းတွေ ရောင်းချ တဲ့လက်နက်မှောင်ခိုဈေးကွက်ကြီးပဲ ဖြစ်သွား မလားဆိုတာကတော့ စောင့် ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။

ဇော်လင်းသန့်
အင်းလေးမီဒီယာ 

No comments:

Post a Comment