Tuesday 28 April 2015

၂၀၁၅တွင် ဧရာဝတီကို ကရင့်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ကို ဖလုံ/စဝေါ်တို့က အဓိကထားပြိုင်မည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ဧရာဝတီတိုင်းတွင် ကရင်ပြည်သူ့ပါတီနှင့် ကရင်ပြည်နယ်ကို ဖလုံ/ စဝေါ်ပါတီတို့က အဓိကထားယှဉ်ပြိုင်ကြမည်ဟု ပါတီတာဝန်ရှိသူများက ဧပြီ ၂၆ ရက်တွင် မဇ္ဈိမကိုပြော သည်။

ကရင်ပြည်သူ့ပါတီသည် နေရာပေါင်း ၁၀၀ အထိ ဝင်ရောက်မည်ဖြစ်ပြီး ယင်းမှ နေရာ ၆၀ ကို ဧရာဝတီ တိုင်း အတွင်း ဝင်ရောက်မည်ဖြစ်သည်။ ကျန်နေရာ ၅၀ မှာ ရန်ကုန်၊ ပဲခူး၊ ကရင်၊ မွန်နှင့် တနသာင်္ရီတို့တွင် ဝင်ရောက်မည်ဟု ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး စောဆေးဝါးကဆိုသည်။

"ကျွန်တော်ကတော့ ပဲခူးတိုင်းအတွင်းမှာပဲ ဝင်ပြိုင်မယ်၊ ကိုယ်စားလှယ်တွေတော့ မေလမှာ အပြီးရွေးမယ်" ဟု ၎င်းကဆိုသည်။ ဖလုံ/စဝေါ် ပါတီကမူ ကရင်ပြည်နယ်အတွင်းမှ နေရာအကုန်နှင့် မွန်ပြည်နယ်မှ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲရက် ကြေငြာပြီးသည့် အချိန်တွင် ရန်ကုန်တိုင်းအတွင်း ဝင်ရောက်မည့် မြို့နယ် နှင့် ကိုယ်စားလှယ်လောင်းများကို အပြီးသတ်ရွေးချယ်မည်ဟု ပါတီ ဒုဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြော သည်။

"ကျွန်တော်ကတော့ ရွေးကောက်ပွဲကို ဝင်မှာပါ၊ ကရင်ပြည်နယ်ထဲမှာပဲ ပြိုင်မယ်၊ ပြိုင်မယ့်နေရာကိုတော့ ပါတီက ဆုံးဖြတ်ချက်အတိုင်း ဝင်ပြီး ယှဉ်ပြိုင်မှာပါ၊ အခုထိတော့ ဘယ်ကနေပြိုင်မယ်ဆိုတာကို တိတိကျကျ ဆုံးဖြတ်ထားတာမရှိသေးပါဘူး" ဟု မန်းအောင်ပြည်စိုးက ဆိုသည်။

ကရင်ပြည်သူ့ပါတီနှင့် ဖလုံ/စဝေါ် ဒီမိုကရက်တစ် ပါတီတို့သည် ကိုယ်စားလှယ်လောင်းမျာကို ပါတီမူဝါဒ သတ်မှတ်ချက်များအတိုင်း ရွေးချယ်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်နေသည်ဟု ဆိုသည်။

"အခု အကြမ်းမျဉ်းရထားတာတော့ အမျိုးသမီးကလည်း ၄၊ ၅ ယောက်ပဲ၊ လူငယ်ကလည်း ၄၊ ၅ ယောက်ပဲ ရထားတယ်၊ ဒေသခံ ပါတီကော်မတီဝင်တွေ၊ နိုင်ငံရေးအတွေ့အကြုံ၊ ခေါင်းဆောင်မှု စတာတွေရှိတဲ့ သူတွေကို ဦးစားပေးရွေးပါတယ်" ဟု ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှုး စောဆေးဝါးက ပြော သည်။ ၂၀၁၅ ရွေးကောက်ပွဲကို အောက်တိုဘာ နောက်ဆုံးအပတ်နှင့် နိုဝင်ဘာ ပထမအပတ်အကြားတွင် ကျင်းပသွား မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment