Tuesday 28 April 2015

ရခိုင်က ဒုက္ခသည်တွေအတွက် အကူအညီများပေးနိုင်ရန် အမေရိကန် တောင်းဆို

စပါးဆိပ်ကျေးရွာမှ စစ်ရှောင်ဒုက္ခသည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဇော်ဝင်း) 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းက မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့အကြား လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်အရပ်သားတွေ ဘေးကင်းလုံခြုံမှုကို အာမခံချက် ပေးဖို့ နဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အချိန်မီထောက်ပံ့နိုင်ဖို့ အတွက် ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံရုံးက အစိုးရကို တောင်းဆိုလိုက်ပါတယ်။


အဲ့ဒီလို တောင်းဆိုတဲ့အကြောင်းကို မနေ့က ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြ ထားတာဖြစ်ပြီး၊ တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ရခိုင်အရပ်သားတွေ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ သတင်း တွေ အတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်းကိုလဲ ဖော်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နယ်မြေအတွင်းမှာ ဖွဲ့စည်းထားတဲ့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ အမှတ် (၅) ဗျူဟာလက်အောက်ခံ စစ်ကြောင်းနဲ့ မြန်မာအစိုးရ တပ်မတော်တို့ အကြား မတ်လ ၂၉ရက်က စတင်ပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ဧပြီလ ဒုတိယပတ်အတွင်းမှာတော့ တိုက်ပွဲတွေ ပိုစိတ် လာခဲ့ ပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအနီး ကျေးရွာတွေက ရခိုင်ပြည်သူတွေဟာ စစ်ဘေးဒဏ် ကင်းလွတ်တဲ့ စပါးဆိပ်ကျေးရွာမှာ ရောက်ရှိနေပြီး၊ ကျောက်တော်မြို့က ဒုက္ခသည် ထောက် ပံ့ရေး ကော်မတီရဲ့ အဆိုအရ ဒုက္ခသည်ဦးရေဟာ ငါးရာကျော်လာပြီဖြစ်ပြီး အဲ့ဒီ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေကြောင်း သိရပါတယ်။

ရန်ကုန်က အမေရိကန်သံရုံးက လိုအပ်သမျှ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံ တကာမှာ ကျင့်သုံးနေတဲ့ စံနှုန်းတွေနဲ့အညီ အချိန်မီထောက်ပံ့ ဖြန်ဖြူးနိုင်ဖို့ တောင်းဆိုလိုက်ပြီး၊ ဒီတောင်း ဆိုချက်ဟာ ရခိုင်ဒေသက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတစ်ခုရဲ့ ပထမဆုံးအကြိမ် ထုတ်ပြန် ချက်လဲ ဖြစ်ပါတယ်။

စစ်ရှောင် ရခိုင်ဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အသီးသီးမှာ ကူညီထောက်ပံ့ရေး ကော် မတီ တွေက အလှူငွေကောက်ခံနေပြီး၊ စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးနေပေမယ့် ရခိုင်ပြည် နယ် အတွင်းက နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (INGO)တွေအနေနဲ့တော့ လှုပ်ရှားမှုမရှိ သေးပါဘူး။

ယုဝတီ (RNA)
Rakhine News Agency

No comments:

Post a Comment