Tuesday 28 April 2015

မြန်မာ-တရုတ် နယ်စပ်ငြိမ်းချမ်းရေး မပျက်ပြားစေရန် ထိန်းသိမ်းနေဟု တရုတ်သမ္မတ ပြောကြား

မြန်မာ-တရုတ် နှစ်နိုင်ငံသည် နယ်စပ်ဒေသ ငြိမ်းချမ်းရေး မပျက်ပြားစေရန် ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့ People's Great Hall ခန်းမတွင် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ အစိုးရပိုင် CCTV သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ ငြိမ်းချမ်းကို ထိန်းသိမ်းဆောင်ရွက်နေပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် လုပ်ငန်းများတွင် ပိုမိုကူညီလျက်ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောကြားသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ နှစ်ပေါင်းများစွာအကြာ ကူညီထောက်ပံ့မှုများနှင့် နှစ်နိုင်ငံ အကျိုးစီးပွား ပူးပေါင်း ဆောင်ရွက်မှုများတွင် တိုးတက်မှုများကို အသိအမှတ်ပြုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့၏ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြန်လည်ပြောကြားကြောင်း CCTV သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ နယ်စပ်အနီး ကိုးကန့်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် အချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်မှု ရှိစေရန်အတွက် ယင်းသို့ တွေ့ ဆုံခြင်းက အထောက်အကူ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးက သုံးသပ်ပြောကြားသည်။

“လက်ရှိအနေအထားက ကိုးကန့်တွေအနေနဲ့ တစ်ဖက်နိုင်ငံကို အခြေပြု မလှုပ်ရှားနိုင်အောင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာဖို့ လိုအပ်နေတာပေါ့” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် တရုတ်နိုင်ငံသို့ ဧပြီလ ၂၅ ရက်နေ့တွင် ရောက်ရှိ နေခြင်း ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံလျက်ရှိသည်။

တရုတ်-မြန်မာ နယ်စပ်အနီး ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင် သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့၏ နှစ်ဖက်တိုက်ပွဲများမှာ ရက်ပေါင်း ၈၀ နီးပါး ကြာမြင့်လာသည် အထိ ရပ်တန့်ခြင်း မရှိသေးဘဲ နှစ်ဖက်အထိအခိုက် အကျအဆုံး များလျက်ရှိကာ ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များလည်း တရုတ်နိုင်ငံဘက်အခြမ်းသို့ ဝင်ရောက်ခိုလှုံလျက် ရှိသည်။ 

ထို့အပြင် ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကို ဆွေးနွေးအဖြေရှာရန် ဧပြီလ တတိယပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသော အာရှ-အာဖရိက ထိပ်သီးညီလာခံ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်း ပြော ကြားထားသည်။

The Voice Weekly

No comments:

Post a Comment