Tuesday 28 April 2015

ဝင်းစိန်တောရ ဆရာတော် ရုပ်ကလာပ်ကို အမြဲတမ်း ပူဇော်ခံထားမည်

မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာရှိ အတောင် ၄၀၀ နှင့် ၆၀၀ ပြည့် လျောင်းတော်မူ ဘုရားများကို ဦးစီးတည်ထားကိုးကွယ်ခဲ့သည့် ဝင်းစိန်တောရ ဆရာတော်၏ ရုပ်ကလာပ်အား အမြဲတမ်း ပူဇော်ခံထားသွားမည်ဟု ဝင်းစိန်တောရကျောင်းထံမှ သိရသည်။

သက်တော် ၉၅ နှစ်၊ ဝါတော် ၄၅ ဝါရှိပြီ ဖြစ်သော ဆရာတော်ကြီးမှာ ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီ ခွဲခန့်က လူကြီးရောဂါဖြင့် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ် ကို ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ရန်ကုန်မှ မွန်ပြည်နယ် ဝင်းစိန်တောရကျောင်း ဓမ္မာရုံသို့ ပြန်လည် ပင့်ဆောင် ခဲ့သည်။

“ဆရာတော်ရဲ့ ဈာပနကို ပြည်နယ်အဆင့် လုပ်မယ်” ဟု ဝင်းစိန်တောရကျောင်း ဂေါပက ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဦး က ပြောကြားသည်။

မေလ ၃၁ ရက်နေ့တွင် ဆရာတော်၏ စံကျောင်းသို့ ပင့်ဆောင်သည့် အခမ်းအနား ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ဆရာတော် ဘဒ္ဒန္တကေသရသည် နိုင်ငံတော်မှ ချီးမြှင့်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တော်ကို ၂၀၀၁ ခုနှစ်တွင် လည်းကောင်း၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တော်ကို ၂၀၁၄ ခုနှစ်တွင် လည်း ကောင်း ချီးမြှင့်ခြင်းခံခဲ့ရပြီး လာမည့်မေလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် အယုဒ္ဓယ ဗုဒ္ဓတက္ကသိုလ်ကြီးမှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဆက်ကပ်လှူဒါန်းရန်လည်း ရှိသည်ဟု ဂေါပကဥက္ကဋ္ဌက ပြောကြားသည်။

“ဆရာတော် ပျံတော်မူမယ့်အစား အစားသေပေးလို့ရရင် ကိုယ်ပဲ သေပေးလိုက်ချင်တယ်” ဟု မော်လမြိုင်မှ ဆရာတော်၏ ဒါယိကာ ဦးသန်းဝင်းက ဖွင့်ဟသည်။

ဝင်းစိန်ဆရာတော် ဘုရားကြီးသည် သာသနာပြုဧရိယာ ဧက ၅၀၀ နီးပါးအတွင်း စေတီပုထိုးပေါင်း ၆၀၀ ကျော် သာသနိက အဆောက်အအုံပေါင်း ၃၀ ကျော်နှင့် ကမ္ဘာ့အကြီးဆုံး အတောင် ၄၀၀ ပြည့် လျောင်း တော်မူ ဘုရားကြီးတို့ကို တည်ထားခဲ့သည်။

ထို့အပြင် အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ္တမထေရ်မြတ် ရုပ်ပွားတော်နှင့် တည်ဆောက်ဆဲ အတောင် ၆၀၀ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်များ တည်ထားခဲ့ပြီး ဆရာတော်ဘုရား၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့ နယ် လက်တက်ကျေးရွာတွင်လည်း အတောင် ၁၈၀ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကိုလည်း တည်ထားခဲ့သည်။

မွန်ပြည်နယ်သားများသာမက မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတို့ကလည်း ဆရာတော် ကို ကြည်ညိုကိုးကွယ်ကြသည့် အပြင် ထိုင်းဘုရင်မင်းမြတ်၏ ကြည်ညိုမှုကိုလည်း ခံရသည်။ ထိုင်းဘုရင် မင်းမြတ် နာမကျန်းဖြစ်စဉ်က ဆရာတော်ဘုရားအား သုံးကြိမ်တိုင်တိုင် မြင်မက်ခဲ့ပြီး အိပ်မက်အတိုင်း လိုက်လံ ရှာဖွေစုံစမ်းရာ ဆရာတော်၏ သာသနာပြုစခန်းဖြစ်ကြောင်း သိရှိရကာ ဘုရင်မင်းမြတ်မှ အလွန် ကြည်ညိုလွန်းသဖြင့် ဆွေတော်မျိုးတော်နှင့် ကိုယ်စားလှယ်အဖွဲ့များအား စေလွှတ်၍ ၂ နှစ်ဆက်တိုက် ဆရာတော်အား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

(Dawei Watch)
The Voice Weekly 

No comments:

Post a Comment