Tuesday 28 April 2015

တစ်နေ့နေ့တွင် လီဗာပူးလ် အသင်း အမှတ်ပေး ချန်ပီယံ ပြန်ဖြစ်လာမည်ဟု ရော့ဂျာယုံကြည်

အမှတ်ပေး ချန်ပီယံဆုနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေမှုကို လီဗာပူးလ် အဆုံးသတ်နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း အသင်းမန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားသွားခဲ့သည်။

လီဗာပူးလ်သည် အမှတ်ပေး ချန်ပီယံဆုကို (၁၈)ကြိမ် ရရှိဖူးသော်လည်း ၎င်းတို့နောက်ဆုံး ချန်ပီယံ ဖြစ်ခဲ့သည်မှာ (၂၅)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အသင်း အနေဖြင့် ယမန်နှစ်က ချန်ပီယံဆုနှင့် လက်တစ် ကမ်း ထိ နီးစပ်ခဲ့သော်လည်း မန်ချက်စတာ စီးတီးက ကျော်တက်သွားသဖြင့် ဒုတိယ ဆုနှင့်သာ ကျေနပ်ခဲ့ရသည်။ လက်ရှိ ရာသီတွင်မူ လီဗာပူးလ် အနေဖြင့် ခြေစွမ်း တည်ငြိမ်မှု မရှိဘဲ အတက်အကျ အမျိုးမျိုး ကြုံတွေ့ခဲ့ရပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်ပင် မျှော်လင့်ချက် နည်းပါးလျက် ရှိသည်။

ရော့ဂျာကမူ လီဗာပူးလ်သည် ၎င်းတို့ လိုလားတပ်မက်သည့် အမှတ်ပေး ချန်ပီယံဆုကို သေချာပေါက် ပြန်လည် သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိနေကြောင်း ဆိုသည်။ “ကျွန်တော် ဒီကိုလာခဲ့တဲ့ အချိန်မှာ ခရီးရှည်ကြီး တစ်ခု ဖြတ်သန်း ခဲ့ရပါတယ်။ အဲဒီမှာ အသင်းဟာ အမှတ်ပေး ဇယား အဆင့်(၈)ထိ ရောက်သွားတယ်။ ချန်ပီယံဆုအကြောင်း ဘယ်တော့မှ ပြောခွင့် မရှိတော့ သလောက် အနေအထားပဲ။ အဲဒီကနေတစ်ဆင့် လီဗာပူးလ်ဟာ ဘယ်လိုရှေ့ဆက်လာသလဲ ဆိုတာကို အားလုံး အမြင်ပါ။ စိတ်ပျက်စရာ တစ်ခုက ဒီရာသီမှာတော့ ကျွန်တော်တို့ ချန်ပီယံဆုကို စိန်မခေါ်နိုင်ခဲ့တာပဲ ဖြစ်ပါ တယ်”ဟု ရော့ဂျာက ပြောကြားခဲ့သည်။

၎င်းက “ဒီနှစ်မှာ ချန်ပီယံဆုအတွက် စိန်မခေါ်နိုင်တာကို စိတ်ပျက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ချန်ပီယံဆု အတွက် ကျွန်တော်တို့ နောက်တစ်ကြိမ် ကြိုးစားနိုင်ဦးမယ် ဆိုတာကိုတော့ သံသယ မရှိပါဘူး။ လီဗာပူးလ် မှာ ခိုင်မာ အားကောင်းတဲ့ အသင်းစုစည်းမှု အခြေခံမျိုး ရှိနေတယ်။ ကျွန်တော်တို့ရဲ့ အခြေခံ စည်းမျဉ်းတွေ ကိုလည်း အားလုံး သဘောပေါက်ကြမှာပါ။ ဒီနွေရာသီ ဈေးကွက်ဟာ သိပ်ကို အရေးပါလာနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသင်းအတွက် မှန်ကန်သင့်တော်တဲ့ ကစားသမားတွေကို ရွေးချယ်ဖို့တော့ လိုလိမ့် မယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ (၁၈)လလောက်က လုပ်ပြခဲ့တာမျိုး နောက်တစ်ခါ ဖန်တီးနိုင်မယ် ထင်ပါတယ်”ဟုလည်း ဖွင့်ဟသွားသည်။

Soccer Myanmar 

No comments:

Post a Comment