Tuesday 28 April 2015

မေဒေးအထိမ်းအမှတ် ပုသိမ်တွင် အားကစားပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် အဖြစ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးထံမှ သိရသည်။

အလုပ်သမားနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ပုသိမ်မြို့မ အထက်တန်းကျောင်းခွဲတွင် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၂၆ မြို့နယ် အမျိုးသား လေးပေါက်တန်း ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ဧရာရွှေဝါခန်းမရှေ့ရှိ ပုသိမ်ခြင်းလုံးရုံ၌ လည်းကောင်း၊ ခြောက်ခရိုင် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ကိုးသိန်းမိုးလုံလေလုံ အားကစားရုံ၌ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲကို ကိုးသိန်း အားကစားရွာခန်းမ၌ လည်းကောင်း ဧပြီလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပနေကြောင်း မြို့နယ်အားကစား ကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့ ပါတီက အလုပ်သမားတွေကိုလည်း ကိုယ်စားပြုတာဆိုတော့ တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်း ကျင်းပလိုက်တာ။ ပြိုင်ပွဲတွေကို တိုင်းအစိုးရက စီစဉ်ပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုကြေးတွေကိုတော့ ကျွန်တော်တို့ပါတီက တစ်သိန်းစီ၊ စစ်တုရင်ပြိုင်ပွဲကိုတော့ သုံးသိန်းချီးမြှင့်မယ်” ဟု ပုသိမ်မြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီမှ စာရင်းစစ်မှူး ဦးထွေးအောင်က ပြောပြသည်။

ပျောက်ကွယ်လုနီးနီး မှေးမှိန်နေသာ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) ကို ပြန်လည်ဖော်ထုတ်နိုင်ရန် ပါတီက ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ အလုပ်သမားနေ့ အထိမ်း အမှတ် အထူးဈေးရောင်းပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ပုသိမ်မြို့ အမှတ် (၆) ရပ်ကွက်၊ ကုသိနာရုံ ဘုရားဝင်း ကွင်းပြင်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါပွဲတွင် လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများ ရောင်းချပေးမည့် ဆိုင်ခန်း ၄၀ ကျော် ပါဝင်မည့်အပြင် Melody Wave တေးဂီတအဖွဲ့နှင့် Dancers and Models များ၏ တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဦးကံမြင့်က ပြောကြားသည်။

မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ အခမ်းအနားကို ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment