Tuesday 28 April 2015

အမေရိကန်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မူးယစ်ရာဇာတွေ “၀” ဒေသမှာ မူးယစ်ဆေးဝါးများ တန်ချီ ထုတ်နေ

လွန်ခဲ့တဲ့ သုံးလေးရက်လောက်တုန်းက ထိုင်း - မြန်မာ နယ်စပ်မှာ “၀” ဒေသထုတ် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၈) သိန်းကျော်ကို ထိုင်းဘက်မှ ဖမ်းဆီးရမိတဲ့သတင်း အွန်လိုင်းမှာ ဟိုးလေးတကျော် ပျံ့နှံ့လာတာတွေ့ရပါတယ်။ တစ်နေရာတည်းမှာ ဖမ်းမိတာတောင် စိတ်ကြွဆေးပြား ၈ သိန်းဆိုတော့ “၀” ဒေသတစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင် တန်ချီထုတ်လုပ် ဖြန့်ဖြူးနေတယ်လို့ ဆိုနိုင်ပါတယ်။

“၀” ဒေသမှာ မူးယစ်ဆေးဝါးတွေ ယနေ့အချိန်ထိ ထုတ်လုပ်နေတယ်ဆိုတာ နယ်စပ်မှာအခုဖမ်းဆီးရမိတဲ့ ဆေးပြားတွေက သက်သေပြနေပါတယ်။ မူးယစ်ရာဇာတွေဟာ ဒီမူးယစ်ဆေးဝါးနဲ့ စီးပွားရှာနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်တစ်ချက်လို့ ပြောနိုင်ပါတယ်။ ဒီနေ့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေအားလုံးထဲမှာ UWSA အဖွဲ့ဟာ လူ၊ လက်နက်အင်အားရော စီးပွားဥစ္စာဓနအင်အားမှာပါ အတောင့်တင်းဆုံးလို့ သတ်မှတ်လက်ခံနေကြရပါပြီ။ သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ၊ ဟိုတယ်လုပ်ငန်း တွေဟာ ယောင်ပြသာဖြစ်ပြီး နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးကိုသာ တစိုက်မတ်မတ် လုပ်နေတာ ဖြစ်ပါတယ်။

“ ထိုင်းဘက်က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေမှာ “၀” ဒေသထုတ် WY အမှတ်အသားပါတယ်လို့ ကြားတယ်၊ “၀” ဒေသကထုတ်တဲ့ WY တံဆိပ်က နာမည်ကြီးပဲလေ၊ မူးယစ်ဆေးဝါးမှောင်ခိုဈေးကွက် မှာတော့ အဲဒီတံဆိပ်ပါတဲ့ ဆေးပြားက လူကြိုက်များတယ်လို့ သိရတယ်၊ ထိုင်းနဲ့ တရုတ်မှာဆိုရင် ဈေးမြင့် တယ်လို့ ပြောကြတာပဲ ” ဟု တာချီလိတ် မြို့ခံတစ်ဦးက ပြောပါတယ်။

“၀” ဒေသမှာ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဘိန်းစိုက်ပျိုးမှု မရှိတော့ဘူးလို့ ယင်းအဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံ ဦးအောင်မြင့်က မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။ ဘိန်းမစိုက်ပေမယ့် မူးယစ် ဆေးဝါး တွေ ပိုပြီးထုတ်လုပ်နေ တာကိုတော့ ထိုင်း၊ တရုတ်နယ်စပ်တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တွေနဲ့ တရားခံတွေက သက်သေပြနေပါတယ်။

“ အဲဒီလို ပြောကြတာပါပဲ၊ “၀” မှာ ဘိန်းမစိုက်တော့ဘူးဆိုတဲ့ စကားကို လက်ခံပေးလို့ရပါတယ်၊ ဒါပေမယ့် မူးယစ်ဆေးဝါး တွေ တန်နဲ့ချီပြီး ထုတ်နေတာကိုတော့ ပြောချင်ပါတယ်၊ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံကြီးတွေနဲ့ကို “၀” ခေါင်းဆောင်တွေ က စီးပွားဖြစ် ထုတ်လုပ်တာ၊ တာချီလိတ်နဲ့ မြ၀တီမြို့တွေကနေ အဲဒီ “၀” ခေါင်းဆောင်တွေ ဖြတ်သွားနေတာ တွေ့နေတာပဲ၊ တစ်ဖက်နိုင်ငံကို နယ်စပ်ကနေတစ်ဆင့် မူးယစ်ဆေးတွေ သွင်းနေတာလေ ” ဟု မြ၀တီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။

“၀” ဒေသမှ UWSA ခေါင်းဆောင်များသည် မူးယစ်ဆေးဝါးနာမည်ဆိုးဖြင့် ကျော်ဇောမှုကြောင့် အမေရိကန် နိုင်ငံကတောင် မူးယစ်ရာဇာတွေအဖြစ် သတ်မှတ်ပြီး သူတို့ကို ဖမ်းမိရင် အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မယ် ဆိုပြီး ၂၀၁၀ ခုနှစ်အတွင်း က ဖမ်းဝရမ်းထုတ် ကြေငြာခဲ့တာဖြစ်ပါတယ်။ အဲဒီလို သတ်မှတ် ခံထား ရတဲ့ မူးယစ်ရာဇာတွေဟာ ယနေ့အချိန်ထိ မူးယစ် ဆေးဝါးလုပ်ငန်းနဲ့ ဆက်လက်ရပ်တည် နေဆဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ( Drug Enforcement Administration – DEA )ရဲ့ အစီရင်ခံစာ တစ်ခုမှာ “၀” အဖွဲ့ဟာ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး မူးယစ်ဆေး ကုန်သွယ်နေတဲ့ အဖွဲ့ ဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံများမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေး အချိတ်အဆက်ကွန်ယက်တွေ ရှိနေကြတယ်လို့ ဖော်ပြထားပါတယ်။

“ “၀” ဒေသကနေ မူးယစ်ဆေးဝါးတွေ တန်ချီရုံတင်မကလို့ ဘယ်လောက်ပဲ ထုတ်နေပါစေ UWSA ခေါင်းဆောင်ပိုင်းတွေပဲ ချမ်းသာနေကြတာလေ၊ အောက်ခြေတပ်ဖွဲ့ဝင်တွေက ဆင်းရဲတွင်းထဲကနေ ရုန်းမထွက်နိုင်ဘူး၊ ဘာထူးလို့လဲ ဒေသခံတွေလည်း ဒုက္ခဆင်းရဲမျိုးစုံ ကြုံနေရတာပါ၊ မူးယစ်ဆေးဝါးတွေ ဒီဒေသမှာ ပပျောက်စေချင်ပါပြီ ” ဟု “၀”ဒေသခံ ပြည်သူတစ်ဦးက ဆိုပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုကနေရတဲ့ အကျိုးအမြတ်တွေကိုတော့ ခေါင်းဆောင်ကြီးတွေကပဲ ခံစားနေရတာပါ၊ မူးယစ်ဆေးဝါးကြောင့် “၀” ဒေသ ပြည်သူတွေကတော့ ဒုက္ခဆင်းရဲမျိုးစုံနဲ့ ရင်ဆိုင်နေရ တာကို ခေါင်းဆောင်ကြီးတွေက မသိသလို လုပ်နေကြပါတယ်။ ပြည်သူတွေတင်ပဲလားဆိုတော့ မဟုတ် သေး ပါဘူး။ မူးယစ်ဆေးဝါးကိစ္စတွေမှာ အသက်နဲ့ ရင်းပြီး လုပ်ပေးနေကြရတဲ့ လက်အောက် ငယ်သား တွေဟာလည်း စီးပွားရေးကြပ်တည်းပြီး လူနေမှုဘ၀နိမ့်ကျလွန်းနေ တယ်လို့ United Nations High Commissioner for Refugees (UNHCR) ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားတယ်လို့ လည်း သိရှိရပါတယ်။

မြင့်မောင်မောင်
မြန်မာပြည်သား

No comments:

Post a Comment