Tuesday 3 February 2015

လေးပွင့်ဆိုင် ဆွေးနွေးရေးကို အစိုးရက ငြင်းတာမဟုတ်ဘူးလို့ပြော


အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို အစိုးရက ငြင်းပယ်တာ မဟုတ်ဘဲ ရွေ့ဆိုင်းလိုက်ခြင်းသာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးဇော်ဌေးက သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
ရန်ကုန်မြို့တော် စိန်ရတုခန်းမမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်က ကိုယ်စားလှယ်တွေနဲ့ အတူ NNER က ကိုယ်စားလှယ် ၁၅ ဦး၊ ကျောင်းသားဘက်က ကိုယ်စား လှယ် ၁၅ ဦး တက်ရောက်ကြဖို့ သဘောတူခဲ့ကြတယ်လို့ သူက ရေးသားထားပါတယ်။ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်မယ့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျောင်းသား ကိုယ်စား လှယ် ငါးဦးတိုးမြှင့်ပြီး ၂၀ ဦးတက်ရောက်ခွင့် တောင်းရာမှာ အငြင်းပွားမှုဖြစ်လို့ ဆွေးနွေးပွဲ မစနိုင်ဘဲ ကြန့်ကြာ ခဲ့တယ်လို့ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

ဒီအချိန်မှာ သတင်းရယူမယ့် မီဒီယာ အသီးသီးက သတင်းထောက်တွေလည်း ခန်းမအတွင်း ရောက်ရှိ နေကြ ပါပြီဖြစ်လို့ မီဒီယာတွေ ဝင်ခွင့်မရဘူး ဆိုတာ မဟုတ်ပါဘူးလို့ သူက ဆက်ပြောထားပါတယ်။

ဆွေးနွေးပွဲ ကျင်းပမယ့် ပုံသဏ္ဍာန်၊ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အကျေအလည် ဆွေးနွေးဖို့ လိုအပ်လို့ ရွေ့ဆိုင်းလိုက်တာလို့ ဦးဇော်ဌေးက ပြောထားပါတယ်။ လက်ရှိအချိန်မှာ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေတာကြောင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှာ ပြန်လည်ကျင်းပဖို့ အစိုးရက ကြေညာခဲ့တာလို့ သူက ဆက်ပြောပါတယ်။

NNER အနေနဲ့ NLD ပါတီရဲ့ ကြေညာချက်အရ ဦးဆောင်မှု တိတိကျကျ ဖြစ်စေလိုပြီး ဆန္ဒပြနေတဲ့ ကျောင်းသားများကို ကိုယ်စားပြုနိုင်သူများ ဖြစ်ဖို့ လိုအပ်တယ်လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။

အစိုးရအဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်း ကျောင်းသားတွေ ရွေးချယ်တဲ့ နေ့မှာ အစည်း အဝေး ပြန်လည် စတင်နိုင်အောင် စီစဉ် ဆောင်ရွက်မယ်လို့ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေးနှင့် စပ်လျဉ်းတဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

The Voice Weekly 

No comments:

Post a Comment