လတ်တလော ပြဿနာများ ပဋိပက္ခများတွင် အဘက်ဘက်မှ တွေ့ဆုံဆွေးနွေးဖို့ရာ တောင်းဆိုနေသည်ကို မကြာခဏ ကြားသိနေကြရသည်။
ဒေါ်အောင်ဆန်းစုကြည်က ကုန်ခဲ့သည့်နှစ်ကတည်းက လေးပွင့်ဆိုင်ဆွေးနွေးဖို့ တောင်းဆိုခဲ့ရာမှ အောက် တိုဘာတွင် ၁၂ ပွင့်ဆိုင် ဆွေးနွေးခဲ့သည်။ ယင်းနောက် ဘယ်နှပွင့်ဆိုင် ဆွေးနွေးသင့်သည်ဆိုသည်တို့ကို တိုင်းဒေသကြီးလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တို့တွင် တိုက်တွန်းမှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ၄၈ ဦး တစ်နည်း ၄၈ ပွင့်ဆိုင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။
ဤနေရာတွင် ဆိုချင်သည်မှာ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်ဆိုသည့် အကြောင်းအရာများ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းဆိုသည့် အကြောင်းအရာကို ပြောလိုခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးခြင်းဆိုသည်ကို အာဏာရှင် အစိုးရများ၊ အာဏာရှင်များက ယေဘုယျအားဖြင့် ကြောက် ရွံ့လေ့ ရှိကြသည်။ တဖက်အင်အားစုနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိ၏ အာဏာအရှိန်အဝါ လျော့ကျ သွားမည်ကို စိုးရွံ့လေ့ရှိခြင်းကြောင့် ဖြစ်သည်။ အခြားသော ရှုထောင့်တစ်ခုမှာ ပြဿနာရှိနေသည်ကို အသိအမှတ်မပြု လိုခြင်းကြောင့်လည်း ဖြစ်သည်။ အာဏာရှင် အစိုးရလက်ထက်တုန်းက ပြည်သူ ပြည်သား များ စီးပွားရေး၊ လှုမှုရေး၊ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းဆိုက်နေသည့်တိုင် အစိုးရ၏ ထုတ်ပြန် ချက်များ၊ ကြေညာချက်များ မိန့်ခွန်းများတွင် ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်းသာ လိုတော့သည်ဟု တစ်သွယ် အရှိန်အဟုန်ကောင်းများ ရနေပြီဆို၍တစ်ဖုံ အမြဲတမ်း ဖော်ပြခဲ့လေ့ရှိသည်။
ထိုစဉ်ကာလက တွေ့ဆုံဆွေးနွေးရေးဆိုသည့် စကားလုံးကို အပြောမခံလောက်အောင် ဖြစ်ခဲ့သည်။
အသွင်ကူးပြောင်းရေးဟုခေါ်ဆိုသည့် ယနေ့ကာလတွင် အစိုးရကက ပြဿနာကို ဖျာအောက်ထိုးသွင်း ထားရန် မသင့်ဘဲ ပြဿနာရှိနေသည်ကို အသိအမှတ်ပြုရမည် ဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း နှောင့်နှေး မနေသင့်တော့ဟု ဆိုချင်ပေသည်။
အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသူ၊ ကျောင်းသားများက မကျေမနပ်စဖြစ်စဉ် ကတည်းက ပြဿနာရှိနေပြီကို အစိုးရက သတိပြုသင့်ပေသည်။ တစ်ပြိုင်နက်တည်း ယင်းပြဿနာကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန်လည်း လျင်မြန်စွာ ပြင်ဆင်သင့်ပေသည်။
အချို့သော အခြေအနေတွင် တွေ့ဆုံဆွေးနွေးမှုတော့ ရှိပါသည်။ သို့သော် အဆုံးအဖြတ်ပေးနိုင်သူများ မဟုတ်လျှင်လည်း ဆွေးနွေးမှုသည် အကျိုးရလဒ်ထွက်နိုင်မည် မဟုတ်ပေ။
တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွင်လည်း တွေ့ဆုံဆွေးနွေးမှုမည်မျှ အရေးပါကြောင်း ပြီးခဲ့သည့်နှစ် များတွင် ကျင်းပခဲ့သည့် ဆွေးနွေးမှုများက သက်သေခံနေပေသည်။
သို့ရာတွင် တွေ့ဆုံဆွေးနွေးရာ၌ အရေးကြီးသည့် အခြေခံအချက်အလက်များလည်း ပြောရန်ရှိနေသည်။ ယင်းတို့မှာ ဆွေးနွေးရာတွင် ရိုးသားမှုရှိဖို့၊ တန်းတူရည်တူထား ဆွေးနွေးဖို့ဆိုသည့် အချက်နှစ်ချက်ဖြစ် သည်။
တစ်ခါတစ်ရံ ပြဿနာ အရှိန်မြင့်တက်လာသည်ကို လျှော့ချလိုသည့်သဘော၊ တစ်ဖက်အင်အားစုများ အကြား သဘောထားကွဲလွဲအောင်၊ ရှုပ်ထွေးအောင် လုပ် ဆောင်ရန် ရည်ရွယ်သည့် ဆွေးနွေးမှုမျိုးလည်း အတိတ် တွင် ရှိခဲ့ဖူးသည်။ ကိုလိုနီ အုပ်ချုပ်သူ၊ အာဏာရှင် အစိုးရများက ယင်းသို့သော လုပ်ရပ်မျိုး ကျင့်သုံးခဲ့သည့် သာဓကများ သမိုင်းတွင် လေ့လာခဲ့ဖူးသည်။
ဒုတိယအချက်ဖြစ်သည့် တန်းတူရည်တူထား ဆွေးနွေးဖို့သည်လည်း တွေ့ဆုံဆွေးနွေးမှုများတွင် အဓိကကျ အရေးကြီးသည့် အချက် ဖြစ်သည်။ ပြဿနာကို ပြေလည်စေလိုပါက တွေ့ဆုံဆွေးနွေးကြရာတွင် အမှန် တကယ် အဆုံးအဖြတ်ပေးနိုင်သူတွေ မပါဝင်၍ မဖြစ်ပေ။ တစ်ဖက်မှ ဆုံးဖြတ်ပိုင်ခွင့်၊ ပြုပိုင်ခွင့်ရှိသူ တက်ရောက် သော်လည်း အခြားတစ်ဖက်မှ တစ်ဖက်အဖွဲ့အစည်းကို အဆင့်နှိမ်လို၍ မိမိဘက်မှ ဆုံးဖြတ် ပိုင်ခွင့် မရှိသူ စေလွှတ်ခြင်းမျိုးသည်လည်း ဆွေးနွေးပွဲ မအောင်မြင်ခြင်း၏ အကြောင်းတစ်ချက်ဖြစ် ပေသည်။
ထို့ကြောင့် လတ်တလော ပြဿနာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုသည်မှာ ပြဿနာကို ပြေလည်စေလိုသည့် ဆန္ဒရှိဖို့၊ ရိုးသားဖို့၊ တန်းတူရည်တူထားဆွေးနွေးဖို့ အရေး ကြီးလှကြောင်း မဇ္ဈိမက တိုက်တွန်းရေးသားလိုက်ရပေသည်။
Mizzima - News in Burmese
No comments:
Post a Comment