Tuesday 3 February 2015

မြစ်ကြီးနားတွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် တောင်းဆို

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ် ပုံတူ ကြေးရုပ်တုထားရှိမည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားရန် ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်သူများအား ဗိုလ်ချုပ်ပေးခဲ့သော ကတိက၀တ်များ ပြည့်စုံပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာသည့် နေ့ အထိ ယင်းကိစ္စကို ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း စာတွင်ရေး သားထားသည်။

မြစ်ကြီးနားမြို့၌ ဗိုလ်ချုပ် ကြေးရုပ် ထားရှိမည်ကို ကချင်လူ ထုအတွင်း သဘောထားအမြင်များ ကွဲလွဲနေပြီး ကချင်လူထုအများစုက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူရန် အချိန်မတန်သေးကြောင်း ပြောဆို လာသည်ဟု စာ၌ ဖော်ပြထားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် နိုင်ငံရေးပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများက ဇန်န၀ါရီ ၂၆ ရက် စွဲဖြင့် စာပို့ထားပြီး ဗိုလ်ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေး ကော်မတီထံလည်း အလားတူ စာပို့ ထားကြောင်း ကော်မတီအတွင်းရေးမှူးက ပြောသည်။

‘‘ပြည်သူလူထုရဲ့ လိုလား ချက်ကို ၀န်ကြီးချုပ်ဆီ တရားဝင် တင်ပြတဲ့ သဘောပါ’’ ဟု စာပေးပို့ တောင်းဆိုရခြင်းအပေါ် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးလထော်ခွန်ဆိုင်းက ပြောသည်။ မြစ်ကြီးနား မြို့တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်တုကို ဆမားလမ်း နှင့် ဆွမ်ပရာဘွမ် လမ်းထောင့် အထက (၁) ကျောင်းအနီးတွင် ထားရှိသွားရန် ရည်ရွယ်ထားပြီး ကြေးရုပ်တုကို မန္တလေးမြို့၌ သွန်းလောင်း နေသည်မှာ ၅၀ ရာ ခိုင်နှုန်း ပြီးမြောက်နေပြီဖြစ်ကာ မေလပထမပတ်တွင်း အပြီးသတ် နိုင်မည်ဖြစ်ကြောင်း ရုပ်တုဖြစ် မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦး မြတ်ကျော်သူက ပြောသည်။

‘‘ပြည်သူတွေမှာ ဗိုလ်ချုပ် စိတ်ဓာတ် ရှင်သန်လာအောင် ရည်ရွယ်တာပါ။ ပြီးတော့ ဗိုလ် ချုပ်ကို ကျေးဇူး ဆပ်တဲ့ အနေနဲ့ ပါ’’ ဟု ဦးမြတ်သူကျော်က ဗိုလ် ချုပ်ကြေးရုပ်တု သွန်းလောင်းရ ခြင်းအပေါ် မှတ်ချက် ပြုသည်။

‘‘အဓိကကတော့ ဗိုလ်ချုပ် ရဲ့ ကတိက၀တ်တွေကို အရင်ဆုံး ပြီးမြောက်အောင် ဖော်ထုတ်ရ မယ်။ ဒါမှ ဗိုလ်ချုပ်ဟာ စစ်မှန်တဲ့ ခေါင်းဆောင်ဖြစ်လာမှာပါ။ သူ့ ကို မကြိုက်တာလည်း မဟုတ် ဘူး။ သူ့ကို မလေးစားတာလည်း မဟုတ်ဘူး’’ ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဆိုသည်။
ကချင်ပြည်နယ် အစိုးရထံ သို့ ဗိုလ်ချုပ်ကြေးရုပ်ကို ဆိုင်းငံ့ ထားရန် တောင်းဆိုသည့်စာ တင် ထားသည်မှာ မှန်သော်လည်း ထို စာအပေါ် တစ်စုံတစ်ရာ ဆုံးဖြတ် ချက် ကျမလာသေးကြောင်း က ချင်ပြည်နယ် အစိုးရ ထိပ်တန်းအ ရာရှိတစ်ဦးက ဆိုသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ တင်ပြထားသည့် စာ နှင့်ပတ်သက်၍ ကချင်ဒီမိုကရက် တစ်ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင် ခမ်းကလည်း ‘‘လူထုတွေရဲ့ အသံ ယူပြီး စာတင်တယ်လို့ပဲ ယူဆ တယ်။ လူထုတွေ ဘယ်လိုသ ဘောထားကြတယ် ဆိုတာကို ကြည့်ရမယ်။ သူတို့က မလုပ်ဖို့ ပြောတာတော့ မဟုတ်ဘူး။ ဖက် ဒရယ်တွေ ရပြီးမှ ဆွေးနွေးပြီး လုပ်ရအောင်ဆိုတဲ့ သဘောပါ တယ်။ ကချင်လူထုရဲ့ အသံကို ကိုယ်စားပြုပြီး လုပ်တဲ့သဘောပဲ’’ ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ကချင်ပြည်နယ်ရှိ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်သို့ ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ ပေ။ မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ် ကြေးရုပ်တုထားရှိနိုင်ရန် ၀န်ကြီး ချုပ်၏ ခွင့်ပြု ချက်ဖြင့် မြစ်ကြီးနား မြို့ရှိ လူမျိုးဘာသာမရွေးထံ အလှူ ခံခဲ့ကြပြီး ကျပ်သိန်း ၂၅၀ ခန့် အ ကုန်ကျခံကာ သွန်းလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment