Tuesday 3 February 2015

မန္တလေးခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် မုဒိမ်းမှု အရေအတွက် တိုးလာဟု ဆို

မန္တလေးခရိုင်၊ ခုနစ်မြို့နယ်တွင် ၂ဝ၁၄ ခုနှစ်အတွင်း မုဒိမ်းမှုသည် ယခင်နှစ်များထက် ကျဆင်းသွားခြင်း မရှိဘဲ တိုးလာခဲ့သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မုဒိမ်းမှုမှာကလည်း အနေနီးလို့ဖြစ်ကြ တာတွေရှိတယ်။ တချို့ကိစ္စတွေကြတော့ မိဘတွေက မကျေနပ်လို့ တိုင်တာတွေရှိတယ်။ အရေအတွက် လျော့ကျသွားအောင်တော့ ပညာပေးဆောင်ရွက်နေပါတယ်'' ဟု ၎င်းက ပြောသည်။

၂ဝ၁၃ ခုတွင် အမှု စွဲတင်ထားသော မုဒိမ်းမှုအရေအတွက်မှာ ၁၃ မှု ရှိပြီး ၂ဝ၁၄ ခု တွင် ၁၆ မှု ရှိသည်။ မှုခင်းဖြစ်သော်လည်း နားလည်မှုဖြင့် ဖြေရှင်းခဲ့ရသော ကိစ္စရပ်များလည်း ရှိနေသဖြင့် အတိအကျ ပြောဆို နိုင်ရန် ခက်ခဲကြောင်း ၎င်းးက ဆိုသည်။

မုဒိမ်းမှုအပြင် အမှုကြီး ၁ဝ မျိုး သတ်မှတ်ထားသည့်ထဲတွင်ပါဝင်သည့် လူသတ်မှုသည်လည်း တစ်နှစ်ထက် တစ်နှစ်တိုးမြင့်လာခဲ့ကြောင်း၊ အရက်သေစာ သောက်စား မူးယစ်ခြင်းကြောင့် ခိုက်ရန် ဖြစ်ပွားကာ အသက် သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်ဟု အဆိုပါ တာဝန်ရှိ သူထံမှ သိရသည်။

ရဲအရာရှိတစ်ဦးက ''အရက်သေစာ သောက်စားခြင်းကြောင့် လူငယ်တွေကြား မူးယစ်သွေးကြွပြီး ခိုက်ရန် ဖြစ်ပွားတာ များတယ်။ အဲဒါတွေကို ထိန်းချုပ်ဖို့ကလည်း မလွယ်ပါဘူး'' ဟု ပြောသည်။

မန္တလေးတိုင်းအတွင်း အရက်သေစာ သောက်စား မူးယစ်မှု လျော့ကျစေရန် အတွက် နယ်စပ်ရေးရာနှင့် လုံခြုံရေးရာဝန်ကြီးဌာနတို့မှ လိုင်စင်မဲ့ဆိုင်များကို လိုက်လံစိစစ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်နေ သည်ဟု ဆိုသည်။

သို့သော်လည်း မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများကို ဝယ်ယူရာတွင် လွယ်ကူစွာ ဝယ်ယူနိုင်သည့် အခြေ အနေ ရှိနေကြောင်း၊ ဖမ်းဆီးအရေးယူမှုများ လုပ်နေသော်လည်း လူငယ်များအကြား ပျံ့နှံ့ကာ သုံးစွဲမှုများရှိ နေဆဲဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

''ဖမ်းတယ်၊ ဒါပေမယ့် ရှိနေဆဲပဲ။ ဒါတွေကို ဘယ်လိုလုပ်မလဲဆိုတာ သေချာအောင် စဉ်းစားသင့်တယ်။ ဖမ်းတယ်ပြောပေမယ့် နေရာတိုင်းမှာ ဘီယာဆိုင်ရှိတယ်။မူးယစ်ဆေးဆိုလည်း ဝယ်ယူလို့ရတဲ့ အနေ အထားက များတယ်'' ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အများဆုံးမှာ ချမ်းမြသာစည်မြို့နယ်၊ သမန်းကုန်းရပ်ကွက်နှင့် ပြည်ကြီးတံခွန် မြို့နယ် တို့ ဖြစ်ကြောင်းသိရသည်။

Mizzima - News in Burmese 

No comments:

Post a Comment