Tuesday 3 February 2015

မန္တလေးရှိ ရေမီတာနှင့် ကျုံးရေခွန်များ ဧပြီလ ၁ ရက်နေ့မှစကာ တိုးမြှင့် ကောက်ခံမည်

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပေးဝေလျက်ရှိသည့် ရေခွန်များကို ဧပြီလ ၁ ရက်နေ့မှ စကာ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေခွန်ဌာနခွဲ ဌာနခွဲမှူး ဦးတင်စိုးက ပြောကြားသည်။

ယင်းသို့ တိုးမြှင့်ကောက်ခံမည့် ရေမီတာနှင့် ကျုံးရေခွန်များကို မတ်လအတွင်း အတည်ပြု သတ်မှတ် မည်ဖြစ်ပြီး ရေခွန်များ တိုးမြှင့်ပြီးပါက ရေပေးဝေသည့် အချိန်ကို တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ “အခြားမြို့နယ်တွေမှာ ဆိုရင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တွေက တစ်ယူနစ်ကို တစ်ရာကျပ်ကနေ နှစ်ရာကျပ်အထိ ကောက်တယ်။ စည်ပင်က လက်ရှိ ကောက်နေတဲ့ နှုန်းထားတွေက အရမ်းကို သက်သာပါတယ်။ ရေပေးတဲ့အချိန် ပိုတိုးလာရင် လျှပ်စစ်ဓာတ်အားခတွေလည်း ပိုတိုးလာမှာဖြစ်လို့ ရေခွန်ကိုလည်း တိုးတာပါ” ဟု ဦးတင်စိုးက ဆိုသည်။

ရေခွန်များကို သုံးလတစ်ကြိမ် ကောက်ခံပြီး လက်ရှိ ကောက်ခံနေသည့် ရေခွန်နှုန်းထားများမှာ ရေမီတာ တစ်ယူနစ်လျှင် ၅၅ ကျပ်မှ ၇၅ ကျပ်ဖြစ်ပြီး ကျုံးရေမှာ တစ်လက်မလျှင် ၁၅၀၀ ကျပ် ဖြစ်ကာ တိုးမြှင့် ကောက်ခံမည့် နှုန်းထားများကို သင့်တင့်သည့် နှုန်းထားများဖြစ်ရန် သတ်မှတ်မည် ဖြစ်ကြောင်း အဆိုပါ ဌာန ထံမှ သိရသည်။

“လူမှုစီးပွားရေး မတက်ဘဲနဲ့ အခွန်အခတွေကို မတက်စေချင်ဘူး။ ဝန်ထမ်းတွေရဲ့ ဝင်ငွေကလည်း တိုးမှ မလာတာ။ တိုးရင်လည်း တိုးတာပဲ ရှိမယ်။ ရေမှ မလာတာ” ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

မန္တလေးခရိုင်ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြ သာစည် မြို့နယ်တို့တွင် ရေမီတာ သုံးစွဲသည့် အိမ်ထောင်စုပေါင်း ၈၃,၀၀၀ ခန့်နှင့် ကျုံးရေ သုံးစွဲသည့် အိမ်ထောင်စုပေါင်း ၃,၃၀၀ ခန့် ရှိကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

The Voice Weekly 

No comments:

Post a Comment