Tuesday 3 February 2015

Father Land ငွေကြေးလိမ်လည်မှု နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေး

ကျပ်သိန်းထောင်ချီ ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုဖြင့် တရားစွဲခံထားရသော ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ထံမှ တိုက်ခန်း ဝယ်ယူထားသူများနှင့် ရှယ်ယာထည့်ဝင်သူများ၏ နစ်နာကြေးငွေများကို ဖြေရှင်းပေးရန်မှာ ကျပ်သန်းသိန်းချီနေသောကြောင့် ကုမ္ပဏီပိုင်ရှင်နှင့် နစ်နာသူများကို ဇန်နဝါရီ လကုန်ပိုင်းက စတင်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးနေကြောင်း အစစ်ဆေးခံရသူများထံမှ စုံစမ်းသိရှိရသည်။

“ကုမ္ပဏီပိုင်ရှင်ဘက်က ဖြေရှင်းပေးရမယ့် ငွေပမာဏက မနည်းဘူး၊ စသုံးလုံးက ဒီအမှုကို စိစစ်နေပြီး သမ္မတထံ တင်ပြသွားမယ်၊ ပြီးမှ ဒီအမှုကို နိုင်ငံတော်အဆင့် ကိုင်တွယ်စစ်ဆေးသွားမယ်” ဟု အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၇ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ထံ လာရောက် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ လက်ရှိ ကုမ္ပဏီမှ တိုက်ခန်း ဝယ်ယူထားသူများနှင့် ရှယ်ယာ ထည့်ဝင်သူများ၏ နစ်နာ ခဲ့သော ငွေကြေးများကို ဖြေရှင်းဆောင်ရွက်ပေးရန် စီစဉ်နေကြောင်း ကုမ္ပဏီပိုင်ရှင်၏ အကျိုး ဆောင်ရှေ့နေများထံမှ သိရှိရသည်။

“စသုံးလုံးက လာစစ်ဆေးတာတော့ သိတယ်။ နိုင်ငံတော်အဆင့် ကိုင်တွယ်စစ်ဆေးဖို့ လာစစ်ဆေးတယ် ဆိုတာတော့ ကျွန်တော် မသိသေးဘူး” ဟု Father Land ကုမ္ပဏီပိုင်ရှင်၏ အကျိုးဆောင်ရှေ့နေ ဦးကြည်လင်း က ဆိုသည်။

Great Father Land အမှုကို နိုင်ငံတော်က ကိုင်တွယ်စစ်ဆေးမည် ဆိုပါက ယင်းကုမ္ပဏီ၏ ပိုင်ဆိုင်မှု များကို ချိပ်ပိတ်ကာ နစ်နာသူများ၏ အထောက်အထား စာရွက်စာတမ်းများကို နိုင်ငံတော်ဘက်မှ ဥပဒေအရာရှိများက စိစစ်ပြီး နစ်နာကြေးငွေများကို ဖြေရှင်းပေးရမည် ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“ဒီအမှုက လူတစ်ယောက်တည်းကို လိမ်တာ မဟုတ်ဘူး၊ လူအများစုကို လိမ်လည်ခဲ့တာကြောင့် နိုင်ငံရေး အမှု ဖြစ်တယ်၊ ဒါကို နိုင်ငံတော်ဘက်က တာဝန်သိစွာနဲ့ စသုံးလုံးကို စတင်ကိုင်တွယ် စစ်ဆေးခိုင်းခဲ့ပြီ ဆိုတော့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ နိုင်ငံတော်က ဝရမ်းချိတ် ပိတ်သိမ်းတာနဲ့ တစ်ပြိုင်နက် မည်ရွေ့မည်မျှ သိမ်းဆည်းခဲ့တယ်ဆိုတာ ထုတ်ပြန်ပေးပြီး ကုမ္ပဏီကိုပါ Black List ကြေညာပေးရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Father Land ကုမ္ပဏီနှင့် ဆက်နွှယ်ပတ်သက်သူများ၏ နစ်နာကြေးငွေများကို ကုမ္ပဏီက ရက်ပိုင်းအတွင်း ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ကြောင်း သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ငွေကျပ် သန်းထောင်ချီ နစ်နာခဲ့သူများက ကုမ္ပဏီထံသို့ သွားရောက်ညှိနှိုင်းခြင်း မရှိဘဲ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံသို့ ဦးတိုက်ကာ တရားစွဲဆိုထားကြောင်း အမှုဖွင့်တိုင်ကြားထားသူများထံမှ သိရှိရသည်။ 

“ငွေသိန်းရာချီ ရစရာရှိတဲ့သူတွေက ကုမ္ပဏီနဲ့ ဆက်သွယ်ပြီး ငွေပြန်ရဖို့ ညှိနှိုင်းနေတယ်၊ ကုမ္ပဏီဘက်က နစ်နာသူတွေရဲ့ ငွေတွေပြန်ပေးမယ် အမှုမဖွင့်နဲ့ ပြောနေပေမယ့် ဘယ်နေ့ပြန်ပေးမယ် ဆိုတာ အတိအကျ မပြောသေးဘူး၊ အာမခံရဖို့အတွက် ထပ်အမှုဖွင့် မခံရအောင် လုပ်နေတယ်လို့ ယူဆလို့ ကျွန်တော်တို့က ရစရာရှိတဲ့ငွေကို ပြန်ရအောင် ဥပဒေအတိုင်း အမှုဖွင့်တိုင်ကြားခဲ့တာ” ဟု ကျပ်သိန်း ၂၅၀၀ လိမ်လည်ခံရ သောကြောင့် ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သူ အမျိုးသားက ပြောဆိုသည်။

Father Land ကုမ္ပဏီပိုင်ရှင်မှာ ကျောက်တံတားမြို့နယ် တရားရုံးတွင် စာချုပ်စာတမ်း လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရချိန် နှလုံးရောဂါ ဝေဒနာသည် ဖြစ်သည်ဟုဆိုကာ ဆေးစာ အထောက်အထားများဖြင့် အာမခံရယူခဲ့ရာမှ တစ်လကျော်ကြာ တရားလာရောက် ရင်မဆိုင်ဘဲ ရှောင်တိမ်းခဲ့ကြောင်း၊ ၎င်းကို တရား စွဲဆိုထားသူက အမှုမှန် မစစ်ဆေးနိုင်မည် စိုးရိမ်သောကြောင့် ရုံးပြောင်းစစ်ဆေးပေးရန် အနောက်ပိုင်းခရိုင် တရားရုံးထံသို့ လျှောက်ထားခဲ့သဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က နှစ်ဖက် ကြားနာစစ်ဆေးခဲ့ပြီး ဖေဖော် ဝါရီ လ ၉ ရက်နေ့တွင် တရားရုံး ပြောင်းလဲစစ်ဆေး သင့်မသင့် အမိန့်ချမည်ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly 

No comments:

Post a Comment