Tuesday 3 February 2015

White Card ကိုင်သူတွေကို မဲပေးခွင့်ပြုဖို့ ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတွေ ကျင်းပရာမှာ ယာယီသတ်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ 

နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်နဲ့ ပေးပို့ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ များတာကြောင့် အဲဒီလို ဆုံးဖြတ်ခဲ့တာပါ။ ယာယီသက် သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ပြုဖို့ နိုင်ငံတော် သမ္မတက သဘော ထားမှတ်ချက်မှာ ထည့်သွင်း ပေးပို့ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မဲပေးခွင့် မပြုရန် မှတ်ချက် ပြုထားပါတယ်။ 

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထား မှတ်ချက်ကို မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော် ကိုယ်စားလှယ် ၃၂၈ ဦးက ကန့်ကွက်ပြီး ၇၉ ဦးသာ ထောက်ခံခဲ့တယ်လို့ လွှတ်တော် ကိုယ် စားလှယ်တွေက ပြောပါတယ်။ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားကို မကြာခဏ ပြောင်း လဲခွင့် မရှိဘူးလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်ကြပါတယ်။ 

“ဥပဒေကြမ်း ကော်မတီက သူရဲ့ လေ့လာတွေ့ရှိချက်ကို လွှတ်တော်ကို တင်သွင်းထားတဲ့ အတိုင်းရပ်တည် ရပါမယ်။ ဒါဟာ ဥပဒေကို ကျော်လွန်တာပဲ ဖြစ်ပါတယ်”လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။ 

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွင်း ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် ပြုလိုက်ရင် ရှုပ်ထွေးတဲ့ ပြဿနာတွေ ပိုမိုဖြစ်လာနိုင်တယ်လို့ ရခိုင်ပြည်နယ်၊ ရသေ့တောင် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ 

ယာယီ သက်သေခံလက်မှတ် ကိုင်ဆိုင်သူတွေကို မဲပေးခွင့် မပြုရင် အခြေခံဥပဒေအတွင်း ပြဋ္ဌာန်းထားတဲ့ နိုင်ငံသားတွေရဲ့ အခြေခံရပိုင်ခွင့်ကို ဖောက်ဖျက်ရာ ရောက်မယ်လို့ တပ်မတော်သား လွှတ်တော် ကိုယ် စားလှယ် ဒုတိယ ဗိုလ်မှူးကြီး စိုးမြင့်အောင်က ပြောပါတယ်။ 

ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ယာယီသတ်သေခံ လက်မှတ်ကိုင်ဆောင် ထားသူတွေကို မဲပေးခွင့်ပြုရေး အပါအဝင် သဘောထား မှတ်ချက်တွေနဲ့ နိုင်ငံတော် သမ္မတက၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း လွှတ်တော်သို့ ပြန်လည် ပေးပို့ထားတာ ဖြစ်ပါတယ်။

ပြည်လုံးကျွတ် လူထုဆန္ဒခံယူရာမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် မပြုဖို့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင်း ထည့်သွင်းပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ဇန်နဝါရီလ ၂၂ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။ 

The Voice Weekly

No comments:

Post a Comment