Tuesday 3 February 2015

အတားအဆီးများကို ရင်ဆိုင်ရန် ပြင်ဆင်ထားဟု သပိတ်မှောက် ကျောင်းသားများ ပြော

အစိုးရက လုံခြုံရေး တာဝန်မယူနိုင်ဟု ပြောဆိုသောကြောင့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများသည် ကြုံတွေ့နိုင်သည့် အတာအဆီးများနှင့် အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက ပြောသည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများအပေါ် တားဆီးဖိနှိပ်မှု ပြင်းထန်လေ့ရှိသည့် မကွေးတိုင်းဒေသကြီးအတွင်း ဆက်လက် ချီတက်နေသည့် သပိတ်မှောက်ကျောင်းသားများ၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုမြတ်သူက “ကျနော်တို့ လုံခြုံရေးကတော့ ၅၀၊ ၅၀ ပဲ။ အခုလည်း ကျနော်တို့ ဖြတ်သွားရမယ့် ဒေါင်းသေချောင်းနား မှာလည်း ရဲတပ်ရင်း တခုရှိတယ်။ ဖြတ်လာတဲ့ လမ်းပေါ်မှာလည်း ရဲတပ်ရင်းတခုရှိတော့ တပ်ရင်း ၂ ခုကြားမှာ ကျနော်တို့ ရောက်နေတာ။ ဒီနေ့ည ကျနော်တို့ နားကြမယ့် မကွေးတိုင်း ဒေသကြီးထဲက ကံပြားကျေးရွာ၊ ရှားတော ဘုန်းကြီးကျောင်းကိုလည်း မနက်က အာဏာပိုင်တွေက လာသွားသေးတယ်။ ကျောင်းထိုင်ဆရာတော်က ကျောင်းသားတွေလာတာ ဘာဖြစ်လဲ၊ သူတာဝန်ယူတယ်၊ လုံခြုံရေးတွေ ဘာတွေလာပြီး ပြောမနေနဲ့လို့ အာဏာပိုင်တွေကို ပြန်ပြောလိုက်တယ်လို့ ကျနော်သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သပိတ်မှောက် ကျောင်းသားများသည် ယနေ့တွင် ရေနံချောင်းမြို့မှ ထွက်ခွာလာရာ လမ်းတလျှောက်တွင် မည်သည့် အတားအဆီးကိုမျှ မတွေ့ရသေးကြောင်း၊ မနက်ဖြန်တွင် မကွေးမြို့သို့ ဆက်လက် ချီတက်သွား မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျောင်းသားသပိတ်အဖွဲ့ကို ရေနံချောင်း၊ ချောက်နှင့် မန္တလေးတို့မှ သံဃာတော် အပါး ၃၀ ခန့်နှင့် မြို့ခံလူထုအင်အား ၁၀၀ ကျော်က ကြိုဆိုခဲ့ကြပြိး ကျောင်းသားများနှင့်အတူ ချီတက်လျှက်ရှိနေကြောင်း၊ ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်းနှင့် ဒေသခံလူမှုရေး အသင်းများကလည်း ကျောင်းသားများ၏ ကျန်းမာ ရေးနှင့် လုံခြုံရေးတို့အပေါ် လိုက်ပါ ကူညီလျှက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေက သူပုန်တွေလည်း မဟုတ်ဘူး။ ဓားပြတွေလည်း မဟုတ်ဘူး။ တတိုင်းတပြည်လုံး အတွက် သူတို့က လုပ်ဆောင်နေတာ။ အဲဒီလို အလုပ်တွေကို ဂုဏ်ပြုချင်လွန်းလို့ သူတို့နဲ့အတူ လိုက်ပါ လာတာ။ သူတို့ရဲ့ လုံခြုံရေးကို ဒေသခံ ပြည်သူတွေက စိုးရိမ်နေကြတယ်။ သူတို့ လမ်းလျှောက်တာဟာ တားဆီးသင့်တဲ့ ကိစ္စမဟုတ်ဘူး” ဟု ကျောင်းသားများ၏ လုံခြုံရေးကို ကူညီပေးနေသည့် ရေနံချောင်းမြို့မှ ဒေသခံ ဦးဇော်ဝင်းက ဧရာဝတီကို ပြောပြသည်။

ယနေ့ လမ်းလျှောက်ချီတက်မှုတွင် ရာသီဥတု ပူပြင်းနေသည့်အပြင် တောင်တက်တောင်ဆင်း လမ်းများ ကြောင့် ကျောင်း သားကျောင်းသူတချို့မှာ မူးဝေခြင်းများ ဖြစ်ခဲ့ရကြောင်း၊ ကျောင်းသားကျောင်းသူ ၃ ဦးခန့်မှာလည်း ခြေထောက် ပေါက်ပြဲပြီး လမ်းမလျှောက်နိုင်ခြင်းများ ဖြစ်ခဲ့ကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် မဟန်နီဦးက ပြောသည်။

“ကျမတို့ကတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေ လိုရာပန်းတိုင်ကိုတော့ အရောက်သွားမှာပဲ။ ကျမတို့လိုချင်တဲ့ တောင်းဆိုချက် ၁၁ ချက်လုံးကို မရမချင်း သပိတ်ကို ဖြစ်တဲ့နည်းနဲ့ ဆက်လုပ်နေမှာပဲ” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့က အစိုးရ၊ လွှတ်တော်နှင့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များ၊ ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NEER) မှ ကိုယ်စားလှယ်များ၏ လေးပွင့်ဆိုင် တွေ့ဆုံပွဲတွင် ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်ကို မဆွေးနွေးနိုင်ခဲ့ဘဲ ဆွေးနွေးပွဲ ဖြစ်မြောက် စေရေးအတွက် ကျောင်းသားများက တင်ပြခဲ့သည့် ဆွေးနွေးပွဲ မူဘောင် ၉ ချက်မှ ၂ ချက်ကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

မူဘောင် ၉ ချက်မှ လက်ရှိ ဖွဲ့စည်းထားသော ကျောင်းသား၊ ဆရာသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမည် ဆိုသည့်အချက်နှင့် ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမဆို သပိတ်နှင့် ပက်သက်ပြီး အရေးယူခြင်းမပြုရ ဆိုသည့်အချက်မှာ သဘောတူညီမှု မရခဲ့သည့် အချက်များ ဖြစ်သည်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ပါဝင်သည့် သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ် ကိုအောင်နေပိုင်က “ကျနော်တို့ဘက်က တောင်းဆိုချက် ၁၁ ချက်လုံးအပေါ်မှာ အကျေအလည် ဆွေးနွေး ထားပြီးသား။ ကျနော်တို့ဘက်က ဘာမှ လျှော့ပေးလို့တော့ မရဘူး။ ဒါတွေက တကယ်ဖြစ်သင့်တဲ့ အချက် တွေပဲ။ ကျောင်းသား ပြည်သူတွေအတွက် အဓိက လိုအပ်ချက်တွေ။ လုပ်ပေးနိုင်မပေးနိုင်က အစိုးရပေါ်ပဲ မူတည် တယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ဘတ်ဂျက် ၂၀ ရာခိုင်နှုန်းတိုးပေးဖို့ဆိုတာ ကျနော်တို့ ချိန်ထိုးရမှာက စစ်တပ် အသုံးစရိတ်ပဲ။ သူတို့ဘက်က အဲဒီလောက် မသုံးနိုင်ရင်လည်း ဘာ့ကြောင့်မသုံးနိုင်ရတာကို ကျနော်တို့ကို အကြောင်းပြချက် ပေးရမယ်။ အခုက ပွင့်လင်းမြင်သာတဲ့ခေတ် ရောက်နေပြီဖြစ်တဲ့အတွက် အရင်လိုတော့ အစိုးရက ငြင်းဆန်နေလို့ မရတော့ဘူး။ ကျနော်တို့ တောင်းဆိုတာကို အစိုးရဘက်က မပေးရင် ကျနော် တို့ကတော့ ဆက်အရှိန်မြှင့်ဖို့ပဲ ရှိတယ်” ဟု ဆိုသည်။

ဧရာဝတီ

No comments:

Post a Comment