Tuesday 3 February 2015

အရှင်မဟာကဿပ နဲ့ အလောင်းတော်ကဿ ပ အတူတူပဲလား

- ဆရာတော်အရှင်သူမြတ်ဘုရား၊
အရှင်မဟာကဿပ မထေရ်ကြီး ပရိနိဗ္ဗာန်စံပုံကို သိလိုပါသည် အရှင်ဘုရား။
မဟာဗုဒ္ဓဝင်ကျမ်းမှာ အရှင်မဟာကဿ ပဟာ ပထမသင်္ဂါယနာကို ဦးဆောင်တင်တော် မူပြီးနောက် သက်တော် ၁၂ဝ မှာ ပရိနိဗ္ဗာန်စံတော်မူကြောင်းသာပါရှိပြီး ဘယ်နေရာမှာ ဘယ်လိုပရိနိဗ္ဗာန်စံသည်၊ မည်သူတွေက ဈာပနဆောင်ရွက်သည်ဟုမပြဆိုပါ။

မြန်မာနိုင်ငံ အညာက အလောင်းတော်ကဿ ပမှာ အရှင်မဟာကဿ ပ၏ အလောင်းတော်ဖြစ်သည် ဟုလည်း ကြားဖူးပါသည်၊ ဟုတ်ပါသလား အရှင်ဘုရား။ ရှင်းပြပေးစေချင်ပါသည်။
ဒေါ်သန္တာခင်(ခေတ္တဘန်ကောက်)

ပါဠိမှတ်တမ်း
*************
ဗုဒ္ဓရှင်တော်မြတ်ဟာ မိမိ ရဲ့ နှစ်ထပ်သင်္ကန်းနဲ့ အရှင်မဟာ ကဿ ပ ရဲ့ နှစ်ထပ်သင်္ကန်းကိုလဲလှယ် သုံးဆောင်တော်မူတယ် (သံ ၁၊ ၄၂ဝ)။ အဲဒီလို လဲတာဟာ ဗုဒ္ဓရှင်တော်မြတ် က မိမိမရှိတဲ့နောက် အရှင်မြတ်အား သာသနာနဲ့သံဃာကို ဆက်လက်ထိန်း
သိမ်းဖို့ တာဝန်ပေးတဲ့သဘောပါ (သံ-ဋ္ဌ ၂၊ ၁၈၁)။
အရှင်မဟာကဿ ပဟာ ပုဗ္ဗေနိဝါသာ နုဿ တိ (အတိတ်ဘဝတွေကို သိနိုင်ခြင်း)၊ ဒိဗ္ဗစက္ခု(နတ်မျက်စိ ကဲ့သို့မြင်နိုင်ခြင်း)စတဲ့ အဘိညာဉ် တွေမှာ ဗုဒ္ဓရှင်တော်မြတ်နဲ့ထပ်တူ စွမ်းရည်ရှိတယ်(သံ ၁၊ ၄၁၃)။ အရှင်မြတ်ဟာ အရှင်အာနန္ဒာနဲ့ ပုဂ္ဂိုလ်ရေး အင်မတန်ခင်မင်တယ်။ ဒါကြောင့် အရှင်အာနန္ဒာ သက်တော် ကြီးလို့ ဦးခေါင်းမှာ ဆံ ပင်ဖြူနေချိန်မှာတောင် 'ကုမာရက=ကောင်လေး' လို့ခေါ်ဝေါ်ပြီး ပြစ်တင်မှုတွေ ပြုဖူးတယ်(သံ ၁၊ ၄၁၈)။ သက်တော် ၁၂ဝ ရှည်တယ်(ဒီ-ဋ္ဌ ၂၊ ၄)။ နှစ်ပေါင်း ၁၂ဝ ပတ်လုံး အိပ်ရာပေါ်မှာ ကျောချပြီး ကျိန်းစက်တော်မမူဘဲ နိသဇ္ဇဓုတင်ဆောက်တယ်(အံ-ဋ္ဌ ၂၊ ၃၂၈)။ ပထမ သင်္ဂါယနာ တင်ဖြစ်အောင် ဦးဆောင်စီစဉ်ခဲ့သူပါ (ဒီ-ဋ္ဌ ၁၊ ၂-၃)။

ပထမသင်္ဂါယနာတင်ချိန်မှာ အရှင်မြတ်ရဲ့ သက်တော် ၁၂ဝရှိပြီ(သံ-ဋ္ဌ ၂၊ ၁၈၁)။ ပါဠိ တော်နဲ့ အဋ္ဌကထာမှတ်တမ်းတွေထဲက ထူးခြားတာလေးတွေကတော့ ဒါလောက်ပါပဲ။ အရှင်မဟာကဿပရဲ့ သွားတော် ဓာတ်တစ်ဆူကို သီဟိုဠ်မှာရှိတဲ့ ပဉ္စယောဇနလို့ခေါ်တဲ့ အရပ် (ယခု ကိုလံဘိုနှင့် ဂေါလေမြို့ အကြားမှာရှိတဲ့ Betota)က ဘီမတိတ္ထဝိဟာရကျောင်းတိုက် မှာ ဌာပနာထားတယ်(စူဠဝံသ၊ အခန်း ၈၅၊ ၈ဝ-၈၁ဂါထာ)။ ဗုဒ္ဓကိုယ်စား ဗုဒ္ဓသာသနာကို အခြေ ခိုင်အောင် ဆောင်ရွက်တော်မူတဲ့ အရှင်မဟာ ကဿပ မထေရ်ကြီး ပရိနိဗ္ဗာန်စံတော်မူပုံ အသေးစိတ်ကို ပါဠိစာပေမှတ်တမ်းတွေမှာ မဖော်ပြတာ ကတော့ အတော်အတန် ထူးခြားပြီး စိတ်ဝင်စား စရာကောင်းတာတော့ သေချာတယ်။

သက္ကတမှတ်တမ်း
*******************
သက္ကတဘာသာနဲ့ရေးထားတဲ့ အသောကဝဒါနကျမ်းနဲ့ ဒိဗျာဝဒါနကျမ်းတွေမှာတော့ အရှင်မြတ် ပရိနိဗ္ဗာန်စံပုံကို အနည်းအကျဉ်း ဖော်ပြတယ်။ ပထမသင်္ဂါယနာတင်ပြီးတဲ့အခါ အရှင် မဟာကဿ ပဟာ ဗုဒ္ဓအပ်နှင်းခဲ့တဲ့ မိမိတာဝန်ကို ဆောင်ရွက်ပြီးပြီလို့ဆင်ခြင်ပြီး ပရိနိဗ္ဗာန်စံဖို့ ဆုံးဖြတ်ပါတယ်။ အရှင်မြတ် ဟာ ဓမ္မကို အရှင်အာနန္ဒာနဲ့လွှဲအပ်ပြီး သံဝေဇနိယဌာနတွေကိုကြွပြီး နောက်ဆုံး ရာဇဂြိုဟ်မြို့ကို ကြွပါ တယ်။

အဇာတသတ်ဘုရင်နဲ့ တွေ့လိုပေမယ့် ဘုရင်အိပ်စက် နေချိန်ဖြစ်လို့ ဘုရင်ကိုမနှိုးလိုတာကြောင့် ကုက္ကုဋပါဒဂိရိတောင်ကို တစ်ပါးတည်း ကြွတော်မူတယ်။ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က အရှင်မြတ်နဲ့ လဲလှယ်ခဲ့တဲ့နှစ်ထပ် သင်္ကန်းကို မေတ္တေယျဘုရားရှင် အား လွှဲအပ်ဖို့ တာဝန်ရှိတဲ့အတွက် ဂူတစ်ဂူထဲမှာ တင်ပျဉ်ခွေထိုင်ပြီး 'ဤခန္ဓာကိုယ်သည် မေတ္တေ ယျဘုရားရှင် ပွင့်တော်မူချိန်အထိ တည်ပါစေ'လို့ အဓိဋ္ဌာန်ပြုပါတယ်။ မြေငလျင်တုန်လှုပ်ပြီး နတ် တွေက အရှင်မြတ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ပန်းတွေနဲ့ သွန်းချပြီး တောင်ကြီးဟာ အရှင်မြတ်ရဲ့ခန္ဓာ ကိုယ်ပေါ်မှာ ဖုံးအုပ်သွားပါတယ်။ ဒါပေမဲ့ သင်္ကန်းကို လွှဲပြောင်းပေးအပ်ပြီးမှ အရှင်မြတ်ပရိနိဗ္ဗာန် စံတော်မူမယ်။ မကြာမီ အဇာတသတ်မင်းနဲ့ အရှင်အာနန္ဒာတို့ အရှင်မြတ်ကိုဖူးမြော်ဖို့ တောင်ပေါ်သို့ သွားရောက်ခဲ့ကြပါတယ်။ ပိတ်ဖုံးနေတဲ့ တောင်တံခါးအနည်းငယ် ပွင့်လာလို့ အရှင်မဟာကဿ ပရဲ့ ကိုယ်ခန္ဓာကို တွေ့မြင်ကြရပါတယ်။ ဘုရင်က အရှင်မြတ်ရဲ့ ကိုယ်ခန္ဓာ ကို ဈာပနပြုလိုပေမယ့် အရှင်အာနန္ဒာက အရှင်မြတ်ရဲ့ကိုယ်ခန္ဓာမှာ မေတ္တေယျဘုရားရှင် ပွင့်တော်မူသည် အထိ မပျက် မစီး တည်ရှိရမည်ဖြစ်ကြောင်း မိန့်တော်မူလို့ မပြုဖြစ်ဘူး။ အဲဒီနောက် တောင်တံခါးကြီး ပြန်ပိတ်ဖုံး သွားပြီး အဇာတသတ်နဲ့ အရှင်အာနန္ဒာတို့လည်း နေရာမှ ထွက်ခွာခဲ့ကြပါတယ် (Erienne La-motte, History of Indian Buddhism. P.206-207))။

တရုတ်အစဉ်အလာ
********************
တရုတ်ဗုဒ္ဓဘာသာအစဉ်အလာအရ ကုက္ကုဋပါဒဂိရိတောင်ဟာ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း တစ်နေရာမှာ ရှိတယ်လို့ဆိုတယ်။ အရှင်မြတ်ကို ကြည်ညိုကြတဲ့ တရုတ်ရဟန်းတော်တွေ အဲဒီတောင် မှာရှိတဲ့ အရှင်မြတ်ကိုအဖူးအမြော်ကြွလေ့ရှိကြရာမှာ အရှင်မဟာကဿ ပရဲ့ ကိုယ်ခန္ဓာကို တင်ပျဉ်ခွေ လျက် ဖူးတွေ့ကြသူတွေ အများကြီး ရှိပါသတဲ့(Lbid,p-207)။

ပေါင်လောင်ရှင်ကဿပ
**********************
'သုံးဆယ်၌ ငနောင်သင် ခိုးသားတစ်ထောင်နှင့် ပုန်ကန်သည် ကိုလည်း ရန်မန်ငထွေးကို စေတော်မူသည်။ အရှင်ချည်း ဖမ်းယူဆက်လျှင် နဖူးတွင်စာထိုး၍ထားရ၏။ ရန်မန်ငထွေးကို အမှုတော် ကုံတွင်ပေသည် ဟုအားရတော်မူ၍ အနန္တပစ္စည်းဟူသောအမည်နှင့် ဆုလာဘ်ပေးတော် မူ၏။ တိုင်းစွန်ပြည်နား ခိုးသား ဓားပြ သူပုန်သူကန်ရှိရာ စေတော်မူတိုင်း အောင်ဖန်များ၍ ရသည့်ဆုလာဘ်များနှင့် ရှင်ကဿပတွင်သော ပေါင် လောင်ရှင်ကို ဆရာပြု၍ ဘုရားသိမ်ကျောင်း ကောင်းမှုစာရင်းများကို လျှောက်ဆက်လျှင် ပစ္စုပ္ပန်သံသရာအကျိုးကို များစွာဆောင်ပေသည်ဟု အနန္တသူရိယအမည်နှင့် (မယားကြီးသေသည်ဖြစ်၍ စည်သူကြီးငစည် မြေးစောအလွန်ကို ခင်အုန်းအမည်နှင့် မိဖုရားမြှောက်ရာတွင်မြင်သည့်) သမီးတော် ကျောင်းတော်သည်နှင့် ဆောက်နှင်းတော်မူ၏ (တွင်းသင်း၊ တ-တွဲ၊ စာ-၁၃ဝ)။

ပေါင်လောင်ရှင် ကဿပဟာ ထီးလင်းမြို့စီရင်စု ပေါင်လောင်ရွာဇာတိဖြစ်ပြီး ပုဂံမြို့တောင်ဘက် ခရီး တစ်တိုင် ကျော်အ ကွာမှာရှိတဲ့ တောရကျောင်းမှာ သီတင်းသုံးတယ် (ပိဋကတ်တော်သမိုင်း စာကိုယ် အမှတ် ၃၃ဝ)။ စစ်ကိုင်းခရိုင် မြောင်နယ်ရှိ ရွှေပေါင်လောင် ဘုရားကျောက်စာအရ မြောင်မြို့နယ် ကျောက်ရစ်ရွာဇာတိ သက္ကရာဇ် ၅၃ဝ ဖွား၊ ငယ်မည် 'ငပေါင်လောင်သင်' ဖြစ်တယ်။

ပေါင်လောင်အရပ်ကို သာသနာပြုခရီးလှည့်စဉ် ပေါင်လောင် လူမျိုး အကြီးအကဲ တို့က ပေါင်လောင် အငယ်နှစ်ယောက်ကို အလုပ်အ ကျွေးအပ်လှူတဲ့အထိ ပေါင်လောင်လူမျိုးတို့ ရိုသေကိုင်းညွှတ်ခံရလို့ 'ပေါင်လောင်ရှင်'လို့ခေါ်တယ်။

သီဟိုဠ်နိုင်ငံအနှံ့အပြားသို့ ဘုရားဖူြး<ွက ပြီးနောက် သီဟိုဠ်မှ ဓာတ်တော် ၃၇ဆူ နှင့် မေးရိုးတော် တစ်ဆူ ပင့်ခဲ့လို့ အဲဒီဓာတ်တော်တွေကို ဌာပနာပြီး အထက်မြန်မာနိုင်ငံတစ်ခွင်မှာ ဘု ရားစေတီတွေတည်တယ်။

မိမိဘုရားတည်ထားတဲ့ အရပ်တွေမှာ လှည့် လည်သီတင်းသုံးတော်မူတယ်။ ယောနယ်ဘက်ကိုလည်း သာသနာပြုြ<ွကတော်မူလေ့ရှိတယ်။ (ဇာတကပါဠိ နိဿယနိဒါန်း၊ စာ-၁ဝ)

ပေါင်လောင်အရှင်ကဿ ပ ဟာ ပုဂံခေတ်က ရဟန္တာအဖြစ် ထင်ရှားခဲ့တဲ့ ဆရာတော်ပါ။ ဤအရှင် သီဟိုဠ်ကိုကြွတဲ့အခါ နတ်သိ ကြားတို့က ကျားယောင်ဖန်ဆင်းပြီး ပို့ပေးတယ်။ တစ်ခါတစ်ရံ သင်္ဘောနဲ့ လည်း ကြွတယ်။ သင်္ဘောစီးသွားစဉ်တစ်ခါမှာတော့ ပင်လယ်ထဲမှာ သင်္ဘောမရွေ့ဘဲရပ်နေလို့ 'မသူ တော် ပါချေပြီ'ဆိုပြီး (ဒီအဆိုဟာ တချို့ ဇာတကမှာပါတာနဲ့ တူနေတယ်) မဲချတော့ အရှင်ကဿပကိုပဲ သုံးကြိမ်ကျလို့ သင်္ဘော ပေါ်က ပစ်ချတဲ့အခါ မထေရ်ကို မိကျောင်း ကြီးတစ်ကောင်က ကျောကုန်းပေါ် တင်ပြီး သီဟိုဠ်သို့ အရောက်ပို့ဆောင်ပေးတယ်။

ပေါင်လောင်ကဿပ သီဟိုဠ်ကျွန်းမှာ လှည့်လည်စဉ် မျက်မမြင်ဘီလူးတွေကို မေတ္တာရေချမ်းနဲ့ မျက်စိ အလင်းရစေတယ်။ ဒါ ကြောင့် ဘီလူးတို့က ငရမန်၊ ငတင်ကျည်းအမည်ရှိတဲ့ ဘီလူးညီနောင် ကို ဆရာတော် အား လှူလိုက်တယ်။ ဆရာတော်အပြန်မှာ သီဟိုဠ်က မဟာစေတီပုံ၊ လောဟပါဿဒ(ကြေးပြာသာဒ်)ပုံ၊ ဓာတ်တော်မွေတော်၊ မဟာဗောဓိညောင်စေ့တွေ မြန်မာပြည်ကိုယူခဲ့တယ်။ ပေါင်လောင် အရှင်ကဿပမထေရ်ဟာ နရပတိစည်သူမင်းကြီးရဲ့ ဆရာပြုကိုးကွယ် ခံရတယ်(သာသနာ လင်္ကာရ စာတမ်း၊ စာ-၁၁၄)။ 

ပေါင်လောင်အရှင်ကဿပဟာ (၁) ခုဒ္ဒသိက္ခာနဿယဟောင်း (ပိဋကတ်တော်သမိုင်း၊ စာကိုယ်တော် အမှတ် ၇၆ဝ)၊ (၂) သဟဿရံသီ မည်သော ဗောဓိဝင်ဋီကာ ကျမ်းတွေကို ရေးခဲ့တယ် (ယင်း၊ စာကိုယ် အမှတ်၊ ၃၃ဝ)။ ဗောဓိပင်ဋီကာနိဂုံးအရ နရပတိစည်သူမင်းကြီးရဲ့သား တော် သီခဝိဇယမင်းသားက ဗောဓိပင်ဋီကာကို သက္ကရာဇ် ၅၆၅-ခု ပေရွက်ပေါ်မှာ ရေးတင်တယ်လို့ဆိုတယ်။

ဇေယျသီခကို သီခဝိဇယ၊ ¤င်းရဲ့မယ်တော်ကိုလည်း 'သဒါ သဒ္ဓါဟ ဒက္ခာယ၊ သယတော ဒဏ္ခိ ဏာ ဒေဝိယာ= သဒ္ဓါတရားနှင့် အခါခပ်သိမ်းလှူဒါန်းလေ့ရှိသည့် တောင် ပြင်သည် မိဖုရား'လို့ဆိုတယ်။ ပုဂံမြို့ တောင်ဘက် တစ်တိုင်ကျော်ကွာ ဝေးတဲ့တောရကျောင်းမှာ သီတင်းသုံးစဉ် ခုဒ္ဒသိက္ခာအဋ္ဌကထာနိဿယ ကို ရေးစီရင်ခဲ့ကြောင်း ကဿပကျောင်းကျောက်စာမှာဆိုတယ် (မဟာ ဒွါရ နိကာယသာသနာဝံသဒီပနီ၊ စာ၊ ၉၂)။

ပေါင်လောင်ရှင်ကဿပနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ပုဂံကျောက် စာတချို့ကို လေ့လာကြည့်တဲ့အခါ ပိဋကတ်အလွန်တတ်ကျွမ်းသူ၊ ဘုရင် တွေ၊ မှူးမတ်တွေ၊ ကြည်ညိုကိုးကွယ်ခံရသူ၊ ပုဂံမင်း (သက္ကရာဇ် ၅၇၇ မှာဖြစ်လို့ နားတောင်းများမင်းဖြစ်ဖွယ်ရှိတယ်)က အတန်တန်ပင့်လို့ ပုဂံကိုကြွရောက်ပြီး ဘုရင်ခံစားနေရတဲ့ ရောဂါကို ပျောက်အောင်ကုသ ပေးတဲ့အတွက် ဘုရင်က ထီးဖြူဆောင်းပြီး ပူဇော်ခံရသူ၊ တောကျောင်း ဂိုဏ်းကို စတင်တည်ထောင်သူအဖြစ် တွေ့ရကြောင်းပါ။

တောင်ငူမြို့ မြို့ထောင့်ကျောင်းဆ ရာတော် ဘဒ္ဒန္တသီရိသံဝရမထေရ် ရေးစီရင် တဲ့ အလောင်းတော် ကဿပ သမိုင်းကျမ်း အရ သက္ကရာဇ် ၇၆၃ခုနှစ် နန်းတက်တဲ့ ရွှေနန်းစံ ပထမင်းခေါင်ကြီးလက်ထက် တောင်ကြားရွာဇာတိလို့ ဆိုတယ်။ သီဟိုဠ်မှာ ပညာသင်ယူတတ်မြောက်ပြီး ပြန်ရောက်တဲ့အခါ ချင်းတွင်း မြစ် ရဲ့ အရှေ့ဘက်ကမ်း ရွှေလှေအရပ်မှာ စာပေပို့ချခဲ့ကြောင်း ဆိုတယ်။

အလောင်းတော်ကဿပ
***********************
တစ်ခါသော် မြင်းမူတောကျောင်းမှ အမြင့်တောကျောင်း၊ တုံတောကျောင်းမှဖြတ်၍ ယောနယ်ဘက်သို့ သာသနာပြုကြွအသွား ပုံညာတောင်နှင့် မဟူတောင်တို့ဆုံရာ ယခုအလောင်းတော်ကဿပနေ ရာမှာ ပေါင်လောင်ကဿပအရှင်မြတ် ပျံလွန်တော်မူတယ်။ အနီးအနား ရွာသားများ၊ ကိုးကွယ်သူဒါယကာများက ကောင်းစွာသင်္ဂြိုဟ်ကြပြီး အထိမ်းအမှတ်အဖြစ် ကိုယ်စားပုံတော် အလောင်းတော်သဏ္ဌာန်တည် ထားကိုးကွယ်ရာမှ အလောင်းတော်ကဿပလို့ ဝေးနီးအနှံ့ကျော်စော လာတယ်(ဇာတကပါဠိနိဿယ နိဒါန်း၊ စာ-၁၂)။

ဒါကတော့ ဘုန်းကြီး လေ့လာမိသလောက်ပါပဲ။ အလောင်း တော်ကဿပနဲ့ ပတ်သက်ပြီး ကျောက် စာတွေ၊ မှတ်တမ်းတွေ၊ သမိုင်း အဆိုတွေ ကွဲလွဲမှုရှိတယ်။ ပြည့်ပြည့်စုံစုံနားလည်ဖို့ဆိုရင် ခေတ်သစ်မှာ သုတေသန ပြုထားတဲ့စာတမ်းတွေ၊ သမိုင်းစာအုပ်တွေလည်း ရှာဖွေ လေ့လာဖတ်ရှုသင့်ပါတယ်။

သုံးသပ်ချက်
*************
ဓူတင်ဆောင် ဧတဒင်္ဂရ အရှင်မဟာကဿပဟာ ဗုဒ္ဓသာ သနာမှာ အလွန်ထင်ရှားတယ်။ ထင်ရှားသူတွေရဲ့ ဖြစ်ရပ်တွေမှာ အံ့သြ ဖွယ်ဖြစ်ရပ်ဆန်းတွေ ပါနေလေ့ရှိတတ်တယ်။ အရှင်မဟာကဿပအ စစ်က အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်တစ်နေရာမှာ ပရိနိဗ္ဗာန်စံဖို့ ပိုဖြစ်နိုင် တယ်။

တရုတ်နိုင်ငံက အရှင်ကဿပနဲ့ မြန်မာနိုင်ငံက ပေါင်လောင် အရှင်ကဿပတို့က အဂ္ဂသာဝကကြီး အရှင် မဟာကဿပနဲ့ ပတ်သက် နိုင်ဖွယ် မရှိပါဘူး။ အင်း၊ ပေါင်လောင်အရှင်ကဿပဟာ ပုဂံခေတ်က ရဟန္တာ အနေနဲ့ အလွန်ထင်ရှားတဲ့ ဘုရင် ကိုးကွယ်ခံပုဂ္ဂိုလ်ဖြစ်လို့ အံ့သြထူးဆန်းဖြစ်ရပ်တွေနဲ့အတူ နောင်အခါ အလောင်း တော်ကဿပ ဖြစ်လာတယ်ဆိုရင်တော့ မငြင်းသာပါဘူး။ 

TheFlowerNews

No comments:

Post a Comment