Friday 5 December 2014

ကိုယ်ပိုင်ယာဉ်များဖြင့် ကျောင်းကြိုပို့နေမှု ကန့်သတ်နိုင်ရန် ကျောင်းကြိုပို့ယာဉ် ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တင်

ရန်ကုန်မြို့တော်အတွင်း နာမည်ကျော် ကျောင်းများတွင် ကိုယ်ပိုင်ယာဉ်များနှင့် ကျောင်းကြိုပို့မှုများကြောင့် ဖြစ်ပွားနေသည့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရန် ကျောင်းကြိုပို့ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အဆိုတင်သွင်းထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ယာဉ်ကြောကျပ်မှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ကျောင်းသား ကျောင်းသူများ စီးနင်းရမည့် ကျောင်းကြိုပို့ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲပေးနိုင်ရေး အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက တင်သွင်းလာခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် အတွင်းရှိ ကျောင်းကြိုပို့ မော်တော်ယာဉ်များကို စနစ်တကျ ပြေးဆွဲရမည့် ဥပဒေ သီးသန့်ပြဋ္ဌာန်းပါက ယာဉ်ကြောကျပ်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် အထောက်အကူရမည် ဖြစ်ကြောင်း ဒေါက်တာစောလှထွန်းက ပြောကြားသည်။

“ကျောင်းဆင်းချိန်တွေမှာဆို အရမ်းသိသာနေပါတယ်။ ရိုးရိုးကျောင်းကားတွေထက် အိမ်စီးကားတွေက ကျောင်းရှေ့မှာ ပိုများနေတဲ့ အတွက် ယာဉ်ကြောရှုပ်ထွေးမှု အရမ်းမြင့်တက်နေပါတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

ထို့ကြောင့် ကျောင်းသားများ စီးနင်းမည့် ကျောင်းကြိုပို့ မော်တော်ယာဉ်များကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့် ပြေးဆွဲပေးပါက အိမ်စီးကား ကျောင်းကြိုပို့ မော်တော်ယာဉ် အသုံးပြုသူ နည်းပါးလာမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ယင်းသို့ ကျောင်းကြိုပို့ မော်တော်ယာဉ်များကို စနစ်တကျ သတ်မှတ်ပြေးဆွဲပါက ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း တာမွေမြို့နယ် ကျောက်မြောင်းကြီး ရပ်ကွက်နေ အသက် ၄၀ အရွယ် တက္ကစီမောင်းသူ တစ်ဦးက ဆိုသည်။

“ကျောင်းသားတွေ စီးချင်အောင်၊ ကျောင်းသား မိဘတွေကလည်း စိတ်ချရအောင် စီစဉ်ပေးရမယ်၊ နောက်ပြီး ကျောင်းရှေ့မှာ ဘယ်အိမ်စီးကားမှ မရပ်ရလို့ သတ်မှတ်ပေးရမယ်၊ အဲဒါဆို တော်တော်လေး သက်သာပါပြီ” ဟု ၎င်းကဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း ၂၃၀ ကျော်သို့ နေ့စဉ် ကျောင်းကြိုပို့ယာဉ် ၇၅၃၄ စီးတွင် ကျောင်းကြိုပို့ မော်တော်ယာဉ် ၂၃၄၁ စီး ရှိသော်လည်း ကိုယ်ပိုင် ကြိုပို့ မော်တော်ယာဉ် ၅၁၉၃ စီး ရှိနေကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ယင်းအဆိုကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြားသည်။

The Voice Weekly  

No comments:

Post a Comment