Tuesday 21 October 2014

ဂျာမန်လေယာဉ်မှူးများ သပိတ်မှောက်မှုကြောင့် ခရီးစဉ် ၁၅၀၀ ကျော်ဖျက်သိမ်း

ဂျာမန်လေကြောင်းလိုင်း Lufthansa လေယာဉ်မှူးတွေ အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ ထပ်မံ သပိတ်မှောက်တာကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော် ဖျက်သိမ်းလိုက်ရပါတယ်။ဒီတကြိမ်နဲ့ ဆိုရင် လေယာဉ်မှူးတွေ တနှစ်အတွင်း ၈ ကြိမ်မြောက် သပိတ်မှောက်ကြ တာ ဖြစ်ပါတယ်။

အစပိုင်းတော့ ဥရောပခရီးစဉ် အတိုတွေကိုပဲ သပိတ်မှောက်တာဖြစ်ပေမယ့် ဒီနေ့မှာ နိုင်ငံတကာ ခရီးဝေးတွေ ကိုပါ တိုးချဲ့သပိတ်မှောက်တာကြောင့် ခရီးသည် ၂ သိန်းကျော်ရဲ့ ခရီးစဉ်တွေကို ထိခိုက်မှာ လည်း ဖြစ်ပါတယ်။

လေယာဉ်မှူးတွေက အငြိမ်းစား စယူနိုင်မယ့် အသက်အရွယ်ကို ၅၅ နှစ် သတ်မှတ်ပေးဖို့နဲ့ ပင်စင်လစာ ကိုလည်း ပုံမှန်လစာရဲ့ ၆၀ ရာခိုင်နှုန်းပေးဖို့ သပိတ်မှောက် တောင်းဆိုနေတာပါ။

ဒီသပိတ်တွေကြောင့် Lufthansa လေကြောင်းလိုင်းရဲ့ ၀င်ငွေနဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်မယ်လို့ Lufthansa လေကြောင်းလိုင်းက ဆိုပါတယ်။

လက်ရှိလေယာဉ်မှူးတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောနိုင်ပေမယ့် နောက်လေယာဉ်မှူးသစ်တွေ အတွက် လိုက်လျောဖို့ကိုတော့ လေကြောင်းလိုင်းအာဏာပိုင်တွေက သဘောမတူပါဘူး။

ဒီသပိတ်မှောက်ချိန်အတွင်း လေကြောင်းခရီးစဉ် ၃ ပုံ ၁ ပုံကိုတော့ ပုံမှန်ပျံသန်းနိုင်ဖို့ လေကြောင်းလိုင်းက မျှော်လင့်ထားပါတယ်။

တခြား ဥရောပတန်ဖိုးနည်း လေကြောင်းလိုင်းတွေကို ယှဉ်ပြိုင်ဖို့ Lufthansa တန်ဖိုးနည်းလေကြောင်း လိုင်းဖြစ်တဲ့ Germanwings ကို တိုးချဲ့ဖို့လုပ်တာကနေ အခုလို လေယာဉ်မှူးတွေ သပိတ်စတင်ခဲ့ တာဖြစ် ပါတယ်။

DVB TV News

No comments:

Post a Comment