Thursday 14 August 2014

လယ်ယာလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇)ထုတ်ပေးမှု ကြန့်ကြာ၍ စိုက်ပျိုးစရိတ်ချေးငွေနောက်ကျ

တောင်ငူ− လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ(၇)ထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာ နေ၍ ပုံစံ(၇)မရရှိသေးသည့် တောင်ငူခရိုင်အတွင်းမှလယ်သမားများမှာ ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ နောက်ကျနေရကြောင်း    သတင်းရရှိသည်။

၂၀၁၂ ခုနှစ် မတ်လက လယ်ယာမြေဥပဒေကိုပြဋ္ဌာန်း လိုက်ပြီးဖြစ်သော်လည်း တောင်ငူ ခရိုင်အတွင်းရှိ ဖြူး၊ အုတ်တွင်း၊ ထန်းတပင်မြို့များ၌ လယ်မြေ အချို့မှာ သစ်တောကြိုးဝိုင်းပလပ် မြေ၊ စားကျက်၊ တပ်သိမ်း စွန့်လွှတ် မြေအများစုဖြစ်နေပြီး ပိုင်ဆိုင်မှု အမည်ပေါက်မမှန်ကန်ခြင်း၊ ပိုင်ဆိုင်မှု အကြောင်း အမျိုးမျိုး ကြောင့် လယ်ယာလုပ်ပိုင်ခွင့် လက်မှတ်ပုံစံ (၇)ထုတ်ပေးရာ တွင် အခက်အခဲများရှိနေကြောင်း တောင်ငူ ခရိုင် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်စိုက်ပျိုးစရိတ်ချေး ငွေသည် ယခင်စိုက်/ဘဏ်စာ အုပ်ရှိသူကိုသာထုတ်ချေးသည့် စနစ်မှ ပုံစံ(၇)ရှိသည့် တောင်သူ ကိုသာ ပုံစံ(၇)လက်မှတ်ကို စိုက်ပျိုးရေးဘဏ်သို့အပ်နှံ၍ ထုတ်ချေးသည့် စနစ်သို့ ပြောင်းလဲလိုက်သောကြောင့် ပုံစံ(၇)မရှိသေးသူများအနေဖြင့် ချေးငွေရရှိ မှု နောက်ကျခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ် ပဲချက်ကုန်း ကျေးရွာမှ လယ်သမားကိုဝင်းဦးက ပြောသည်။

ပုံစံ (၇)ရှိသူများထုတ်ချေး သည့်စနစ် (A-PLAN)နှင့်ပုံစံ (၇)မရှိသေးသူလယ်ပိုင်ရှင်များ အား ချေးငွေ စစ်ဆေးရေး အဖွဲ့၊ ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲ ရေးအဖွဲ့နှင့် မြေစာရင်းဦးစီးဌာန ၏ ထောက်ခံချက်ဖြင့် ထုတ်ချေးသည့်စနစ် (B-PLAN)တို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက် ရမည်ကို စိုက်ပျိုးရေးဘဏ်က နားလည်မှုလွဲပြီး တစ်ဆင့်ပြီးမှတစ်ဆင့် လုပ်ဆောင်ခဲ့သော ကြောင့် ထပ်မံနောက်ကျခဲ့ရခြင်းဖြစ်ကြောင်း ခရိုင်အဆင့်တာဝန်ရှိ သူတစ်ဦးကပြောသည်။

‘‘တကယ်မြေပြင်မှာဖြစ်နေ တာ A-PLAN နဲ့ B-PLAN တစ် ပြိုင်တည်းလုပ်ရမှာ။ A-PLAN ပြီးမှ B-PLAN ကိုလုပ်တော့ အကြောင်းအမျိုးမျိုးကြောင့် ပုံစံ (၇)မရသေးတဲ့သူတွေကျတော့ မမီတော့ဘူး။ နောက်ပြီး လယ် သမားတစ်ယောက် ပုံစံ(၇) တကယ်ရှိလား၊ မရှိလားသိချင် ရင် စိုက်ဘဏ်ကမြေစာရင်းကို မေးလို့ရတယ်။ ပုံစံ(၇)လည်း တကယ်မရှိသေးဘူး။ လယ်ပိုင် ဆိုင်တာလည်း မှန်တယ်ဆိုရင် B-PLAN နဲ့ချေးပေးရမှာပါ’’ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘ကျွန်တော်တို့ရွာဆို ပုံစံ (၇) မစုံသေးလို့ မနက်ဖြန်မှ ချေး ငွေသွားတင်ရမှာ။ စိုက်စရိတ်ချေး ငွေဆိုတာ စိုက်ပျိုးချိန်မှာပဲလိုအပ် တာလေ။ အခုလိုနောက်ကျတော့ အပြင်ကအတိုးကြီးကြီးနဲ့ချေးရ တော့ တောင်သူ တွေပဲ နစ်နာတာ ပေါ့။ Plan B နဲ့ချေးပေးရမယ်ဆို တာလည်း တောင်သူတွေမသိ ဘူး’’ဟု ထန်းတပင်မြို့နယ် ငါးဆီးလှောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကပြောသည်။

ယခုနှစ်တွင် တောင်ငူမြို့ နယ်အတွက် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေကျပ်သိန်းပေါင်း လေးသောင်းကျော် ထုတ်ချေး သွားမည်ဖြစ်ပြီး လက်ရှိ ၆၀ ရာ ခိုင်နှုန်းထုတ်ချေးပြီးဖြစ်ကြောင်း တောင်ငူမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်စာရင်း များအရသိရသည်။ တောင်ငူခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ စာရင်းအရ လယ်ယာ မြေလုပ်ကိုင်ခွင့်လက်မှတ် (ပုံစံ-၇)ထုတ်ပေးပြီး   မြေဧက ၄၆၅,၆၅၅ ဧကရှိပြီ 
ဖြစ်၍ ဆက်လက်စိစစ်နေဆဲဧက ၇၆,၀၀၀ ကျောကျန်ရှိနေကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment