Thursday 14 August 2014

ဖေ့စ်ဘွတ်တွင် အစ္စရေးကို ထောက်ခံသဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် စစ်ဆေးခံရ

Photo: ဖေ့စ်ဘွတ်တွင် အစ္စရေးကို ထောက်ခံသဖြင့် မလေးရှား ဆယ်ကျော်သက် တစ်ဦး နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် စစ်ဆေးခံရ
Thursday, August 14, 2014

ကွာလာလမ်ပူ၊ သြဂုတ် ၁၄။ မလေးရှား ဆယ်ကျော်သက် တစ်ဦးသည် အစ္စရေးအား ထောက်ခံသော Facebook မှ Post တစ်ခုအား “like” လုပ်မိခဲ့ရာ (လူမှု ကွန်ရက် Facebook တွင် အစ္စရေးအား ထောက်ခံသော စာသားနှင့် ရုပ်ပုံ အစုအဝေး တစ်ခုအား ကြိုက်နှစ် သက်ကြောင်း ပြသခဲ့ရာ) နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှုဖြင့် သူ့အား ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး မွတ်စလင် အများစု နေထိုင်သည့် မလေးရှား နိုင်ငံတွင် ထိုကိစ္စ အပေါ် သည်းမခံမှုများ တိုးပွား လာနေသည်ဟု သြဂုတ် ၁၄ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

 “အစ္စရေးကို ငါချစ်တယ် ” ဟု ရေးသား ကြေညာ ထားပြီး ဂျူးနိုင်ငံ ဖြစ်သည့် အစ္စရေး၏ အလံကို ဖော်ပြ ထားသည့် ပို့စ်အား မလေးရှား နိုင်ငံ မြောက်ပိုင်း ပီနန် ပြည်နယ်မှ အသက် ၁၇ နှစ် အရွယ် ကျောင်းသား တစ်ဦးက “like” လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပီနန် ရဲတပ်ဖွဲ့အကြီးအကဲ အက်ဘ်ဒူလ် ရာဟင် ဟာနာဖီက ဗုဒ္ဓဟူး နေ့တွင် ပြောကြား ခဲ့သည်ဟု မလေးရှား မီဒီယာတွင် ဖော်ပြ ထားသည်။

နိုင်ငံတော် အပေါ် အကြည်ညို ပျက်စေမှု နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်လျက် နေဆဲ ဖြစ်ကြောင်းနှင့် ထိုကျောင်းသားမှာ “like” အမှတ် အသားကို မတော်တဆ နှိပ်လိုက်မိခြင်း ဖြစ်ကြောင်း အက်ဘ်ဒူလ် ရာဟင် က ဆိုခဲ့ သည်ဟု ဖော်ပြထား ကြသည်။ ထိုကျောင်းသား အပေါ် ခြိမ်းခြောက်မှု များကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းလျက် ရှိကြောင်း ဆိုသည်။ မလေးရှားတွင် နိုင်ငံတော် အပေါ် အကြည်အညို ပျက်စေမှုမှာ ထောင်ဒဏ် သုံးနှစ် ကျခံရ နိုင်သည်။ ရဲများ၏ စစ်ဆေးမှုကို ခံယူခဲ့ ရသော ကျောင်းသားမှာ သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖျက်သိမ်း လိုက်ပြီ ဖြစ်သည်။ ၎င်းမည်သူ ဖြစ်ကြောင်း လူသိ ရှင်ကြား ထုတ်ပြန်မှု မရှိပေ။

မလေးရှား နိုင်ငံသည် အစ္စရေးနှင့် သံတမန် အဆက်အသွယ် မရှိပေ။ ဂါဇာတွင် ဖြစ်ပွားလျက် ရှိသော စစ်ပဋိပက္ခ များကြောင့် ပါလက်စတိုင်း များအပေါ် အစ္စရေး၏ မူဝါဒများမှာ မလေးရှား မွတ်စလင် များ၏ ပြင်းထန်စွာ ဝေဖန်မှုကို ခံနေ ရသည်။

လူမျိုး ဘာသာပေါင်းစုံ နေထိုင် ကြသည့် မလေးရှားတွင် မလေး မွတ်စလင်များ အများဆုံး လွှမ်းမိုး ထားသော အစိုးရ လက်ထက်၌ သည်းမခံ မှုများ ကြီးထွား လာမည့် အရေး အများ ပြည်သူ၏ စိုးရိမ် ပူပန်မှု များမှာ ယခု ဖြစ်ရပ်ကြောင့် ပိုမို မြင့်တက် လာခဲ့သည်။ အခြား လူသိများသော ကိစ္စရပ် တစ်ခုတွင်လည်း မလေးရှား အစိုးရ နှင့် မွတ်စလင် အုပ်စုများက လူနည်းစု ဖြစ်သည့် မလေး ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်ဟု အဓိပ္ပာယ် ရသော အာရပ် စကားလုံး ဖြစ်သည့် “အလ္လာ” ဟူသော စကားလုံးအား ခရစ်ယာန် ဘုရား သခင်အား ရည်ညွှန်း ရာတွင် ဆက်လက် အသုံးမပြု ကြတော့ရန် ဖိအား ပေးလျက် ရှိပြီး ခရစ်ယာန် များကမူ ၄င်းတို့ အနေဖြင့် ရာစုနှစ်နှင့် ချီကာ ထိုကဲ့သို့ ရည်ညွှန်း သုံးနှုန်း လာခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment