Thursday 14 August 2014

ပြည်မြို့တွင် ရေခွန်နှစ်ဆတိုး ကောက်ရန် စီစဉ်

စည်ပင်သာယာရေးကော်မတီက ကောက်ခံလျက်ရှိသော ရေခွန်နှုန်းထားများကို နှစ်ဆတိုးမြှင့်ကောက်ခံမည့် အကြောင်း ကြေညာထားသည်ဟု ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ စီမံရေးရာဌာနဦးစီး အရာ ရှိ ဒေါ်မိုးမိုး က သြဂုတ် ၁၃ ရက်တွင် မဇ္ဈိမကို အတည်ပြု သည်။
“ကုန်ကျစရိတ်နဲ့ ရငွေက တစ်ဝက်ကွာနေတယ်”ဟု ၎င်းက ဆိုသည်။

မူလက ရေဘုံဘိုင်တစ်ခုကို တစ်လကျပ် ၁,၅၀၀ ကောက်ခံရာမှ ကျပ် ၃,၀၀၀၊ ရေမီတာတစ်ယူနစ်လျှင် ကျပ် ၁၅၀ မှ ကျပ် ၃၀၀ သို့ တိုးရန်ဖြစ်သည်။

ယင်းအကြောင်းကို ပြည်မြို့ပေါ်ရပ်ကွက် ကိုးခုသို့ သြဂုတ် ၈ ရက်စွဲဖြင့် စာပို့ထားသည်။ ကန့်ကွက်လိုလျှင် သြဂုတ် ၁၅ ရက် နောက်ဆုံးထား၍ စာပို့နိုင်သည်ဟု ဖော်ပြထားသည်။

၂၀၁၃ခုနှစ်အတွင်း သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ၄ ဦးပါဝင်သော မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးဝင်းချိုကလည်း မီတာခစရိတ် မြင့်လာ၍ စီစဉ်ရခြင်းဟု ဆိုသည်။

ဧရာဝတီမြစ်ရေတင်စနစ်ဖြင့် ရေဖြန့်ဝေနေခြင်းဖြစ်ပြီး ယခင်က ဓာတ်အားခ တစ်လလျှင် ကျပ်သိန်း ၅၀ ခန့် ကျသင့်သော်လည်း ယခုကျပ်သိန်း ၉၀ နီးပါးပေးရသည်ဟု တာဝန်ရှိသူတို့က ပြောသည်။ ယခုလကုန်မှ စကောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာတို့ကမူ အတည်ပြုခြင်း မရှိပေ။

Mizzima - News in Burmese

No comments:

Post a Comment