Thursday 14 August 2014

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ရွေ့လျားစစ်ဆေးရေး အဖွဲ့များဖြင့် ရှောင်တခင် စစ်ဆေးမည်

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ ငါးဖွဲ့ဖြင့် စက်သုံးဆီ အရည်အသွေး၊ အခြင်အတွယ် စံချိန်စံညွှန်းများကို သြဂုတ်လကုန်မှစ၍ လှည့်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရေနံ ထွက် ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီး ကြပ်ရေး ကော်မတီထံမှ သိရသည်။
စွမ်းအင်ဝန်ကြီး ဌာန၊ မီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦစီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များ ပါဝင်သော ရွေ့လျားစစ်ဆေးရေးအဖွဲ့ ငါးဖွဲ့က ရွေ့လျားဓာတ်ခွဲခန်းယာဉ် (MOBILE LAB) များကို အသုံးပြု၍ ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စတင် စစ်ဆေးသွားမည် ဖြစ်သည်။

ယခင်က စက်သုံးဆီ အရည်အသွေး စစ်ဆေးခြင်းကို ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် မစစ်ဆေးနိုင်ကြောင်း၊ ယခု ကော်မတီက စိုက်ထုတ် အကုန်အကျခံ၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

စက်သုံးဆီ အရည်အသွေး စစ်ဆေးလျှင် တစ်ဆိုင်လျှင် ကုန်ကျစရိတ် ကျပ် နှစ်သိန်းခုနစ်သောင်း ဝန်းကျင် ကုန်ကျနိုင်ပြီး စစ်ဆေးမည့် ဆိုင်များကိုလည်း အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် မဲနှိုက်ရွေးချယ်သွား မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

လက်ရှိတွင် ရွေ့လျားဓာတ်ခွဲခန်းယာဉ် (MOBILE LAB) အနေနှင့် ကော်မတီတွင် တစ်စီးသာရှိပြီး လေးစီး မှာ ဆိပ်ကမ်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ “ကျွန်တော်တို့က စံအဖြစ် ထားတဲ့ ၂၀ လီတာ (သို့မဟုတ်) လေးဂါလန် ခွက်တွေနဲ့ စစ်မယ်။ ဆိုင်တွေအနေနဲ့လည်း ဒီစံနှုန်း သတ်မှတ် ထားတဲ့ ခွက်တွေကို ဆောင်ထားသင့်တယ်” ဟု ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ် ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သတ်မှတ် စံချိန်စံညွှန်း မပြည့်မီသည့် ဆိုင်များကို ပထမအကြိမ် စစ်ဆေးတွေ့ရှိပါက စက်သုံးဆီ ရောင်းချခွင့် တစ်လ ပိတ်သိမ်းသွားမည် ဖြစ်ပြီး ဒုတိယအကြိမ်တွင် နှစ်လ၊ တတိယအကြိမ်တွင် စက်သုံးဆီ ဖြန့်ဖြူးရော င်း ချခွင့် လိုင်စင်ကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူများကို အရည်အသွေးမီစေရန်နှင့် အခြင်အတွယ် ပြည့်ဝစေရန် ယခုလို လုပ်ဆောင်ခြင်းမှာ ကောင်း မွန်အောင် ဆောင်ရွက်ချက်ဖြစ်ပြီး ယခုကဲ့သို့ စစ်ဆေးခြင်းအတွက် ဆိုင်အနေနှင့် အထွေအထူး ပြင်ဆင်ရန် မရှိကြောင်း ကျွန်းတောလမ်းရှိ MAX စက်သုံးဆီဆိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က စက်သုံးဆီ အရောင်းဆိုင်များကို အစိုးရကသာ ဖွင့်လှစ်ရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပုဂ္ဂလိကကို လွှဲပြောင်းရောင်းချခွင့် ပြုခဲ့ကာ လက်ရှိတွင် ဆိုင်ပေါင်း ၂၆၁ ဆိုင်အထိ ဖွင့်လှစ် ရောင်းချလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment