Wednesday 30 July 2014

အစ္စရေး ဒုံးခွင်းဒုံးစနစ် Iron Dome ၏ မှတ်တမ်းများကို Hacker များ ခိုးယူခဲ့ဖူးဟုဆို


အစ္စရေး၏ နာမည်ကျော် ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ် Iron Dome နှင့် ပတ်သက်သည့် အချက်အလက် များကို Hacker များက ခိုးယူသွားခဲ့ဖူးကြောင်း အမေရိကန် အခြေစိုက် ကွန်ပျူတာ မှုခင်းပညာရှင်များ က ပြောကြားခဲ့သည်။
Comment Crew ဟု အမည်ပေးထားပြီး တရုတ်နိုင်ငံနှင့် ဆက်နွှယ်သည်ဟု ယူဆရသော Hacker များသည် (၂၀၁၁)နှင့် (၂၀၁၂)ခုနှစ် အတောအတွင်းတွင် Iron Dome စနစ်ကို ထောက်ပံ့ပေးသည့် အစ္စရေး လက်နက်နည်းပညာ ကုမ္ပဏီ (၃)ခု၏ ကွန်ပျူတာ မှတ်တမ်းများကို ထိုးဖောက် ရယူခဲ့ကြောင်း Cyber Engineering Services (CyberESI) မှ ကျွမ်းကျင်သူများက ဆိုသည်။

ဇူလိုင်(၂၉)ရက်တွင် CyberESI မှ အမှုဆောင်ချုပ် ဂျိုးဆက်ဒရစ်ဆဲလ်က ၎င်းတို့ လေ့လာထားသည့် အချက်အလက်များကို ကြေညာခဲ့ပြီး အစ္စရေး စစ်တပ်ကို လက်နက်ထောက်ပံ့နေသည့် Elisra Group၊ Israel Aerospace Industries နှင့် Rafael Advanced Defense Systems တို့သည် Hakerများ၏ ဖောက်ထွင်းမှုနှင့် ကြုံခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကုမ္ပဏီကြီး (၃)ခုသည် လတ်တလောတွင် ဟားမားစ် စစ်သွေးကြွတို့ ပစ်ခတ်နေသည့် ဒုံးကျည်များကို ဒိုင်းတစ်ခုသဖွယ် တားဆီးပေးနေသည့် Iron Dome စနစ်ကို ပူးပေါင်း တည်ဆောက်ခဲ့ကြသည်။

အမေရိကန်နှင့် အစ္စရေး လက်နက်ပညာရှင်များက Iron Dome ၏ ပစ်မှတ် ဖျက်ဆီးနိုင်စွမ်းသည် (၉၀)ရာခိုင်နှုန်းကျော် အောင်မြင်မှုရှိကြောင်း ပြောဆိုထားသည်။ ဒရစ်ဆဲလ်က Iron Dome နှင့် ပတ်သက်သည့် အချက်အလက် အများစုကို Hacker များက အရယူဆောင်သွားနိုင်သည်ဟု အခိုင်အမာ ယူဆရကြောင်း ဆိုသည်။

“Comment Crew အဖွဲ့လို့ နာမည်ပေးရတာက အရမ်းခိုင်လုံတဲ့ အကြောင်းရင်း ရှိတယ်။ အဲဒီ Hacker တွေက သူတို့ထိန်းချုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေထဲက Comment တွေထဲမှာ Malware တွေကို ထည့်သွင်းပြီး ဖုံးကွယ်ထားတယ်။ အဲဒီဝက်ဘ်ဆိုက်တွေကို အချက်အလက်တွေ Download ဆွဲ ခိုးယူတဲ့အခါမှာ ထိန်းချုပ်ကွပ်ကဲရေးဌာနတွေလိုမျိုး အသုံးချခဲ့တယ်”ဟု ဒရစ်ဆဲလ်က ပြောကြားခဲ့သည်။ ဒရစ်ဆဲလ်က မိမိတို့အဖွဲ့သည် အစ္စရေးနှင့် အမေရိကန် လက်နက်ကုမ္ပဏီများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့် Hacker များ၏ လှုပ်ရှားမှုများကိုလည်း ခြေရာခံ တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ယခုနှစ်၊ မေလအတွင်းက အမေရိကန် တရားရေးဝန်ကြီးဌာနသည် တရုတ်စစ်ဘက်မှ အရာရှိ (၅)ဦးကို Cyber ရာဇဝတ်မှုများအတွက် ကြိုးကိုင်နေကြောင်း စွဲချက်တင်ခဲ့သည်။ ယင်းအရာရှိများသည် Comment Crew နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေပြီး တရုတ်အစိုးရကမူ အမေရိကန်၏ စွပ်စွဲမှုသည် အခြေအမြစ် မရှိကြောင်း တုံ့ပြန်ခဲ့သည်။

_Ref: SMH
7Day DAILY

No comments:

Post a Comment