Wednesday 30 July 2014

အချိန်ပိုင်း ဝင်ထွက်ခွင့်ပြုရန်ဆွေးနွေး


အချိန်ပိုင်း ဝင်ထွက်ခွင့်ပြုရန်ဆွေးနွေး ရန်ကုန်၊ ဇူလိုင် ၂၉  ရန်ကုန်မြို့တွင်းရှိ အဓိကယာဉ် သွားလာမှုများသည့် လမ်းမများတွင် နံပါတ်အနက် ယာဉ် (ကိုယ်ပိုင်ယာဉ်) များကို အချိန်ပိုင်းဖြင့်သာ ဝင်ထွက်ခွင့်ပြုရန် ယာဉ်စည်းကမ်း ထိန်းသိန်းကြီးကြပ်ရေး ကော်မတီ လစဉ်ပုံမှန် အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများက ဆွေးနွေးခဲ့ကြောင်း ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဒုရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။   မ.ထ.သ (မြို့တွင်း) ရုံး၌ ဇူလိုင်လ ၂၅ ရက်က ကျင်းပသည့် ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ လစဉ် ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအများစုက ထောက်ခံဆွေးနွေးခဲ့သဖြင့် ကိုယ်ပိုင်ယာဉ်များ အချိန်ပိုင်း ဝင်ထွက်ခွင့်ပြုရန် အသေးစိတ် ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
  “ဒီလိုလုပ်ရင်ကောင်းမလား၊ မကောင်းဘူးလား။ မြေပြင်မှာအဖွဲ့ဖွဲ့ပြီး ဆာဗေးလုပ်ရမယ်။ သက်ရောက်မှုတွေကို ကြည့်ရမယ်။ ရလာဒ်အဖြေကို သက်ဆိုင်ရာ အထက်အဖွဲ့တွေကို တင်ပြပြီး ခွင့်ပြုချက် ယူရမယ်။ ကန့်သတ်ချက် တစ်ခုအနေနဲ့ သွားတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ လုပ်ရမယ်” ဟု ၎င်းကဆိုသည်။  နိုင်ငံတကာတွင် အဓိကယာဉ်သွား လမ်းများ၌ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျစေရန် ရုံးတက်ရုံးဆင်းချိန်တွင် ကိုယ်ပိုင်ယာဉ်များကို သွားလာခွင့်ပိတ်ထားမှုများ ရှိကြောင်း၊ အဓိကလမ်းများ (ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း စသည့်လမ်းပိုင်းများ) သာပိတ်သည့်အတွက် ကိုယ်ပိုင်ယာဉ်များ အခြားလမ်းကြောင်းမှ မောင်းနှင်နိုင်ပြီး ဘတ်စ်ကားသုံး အများပြည်သူ ရုံးတက်ရုံးဆင်းချိန်အတွက် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။  ယင်းကဲ့သို့ ပြုလုပ်ခြင်းဖြင့် လူအများစုဖြစ်သည့် ဘတ်စ်ကား အသုံးပြု ပြည်သူများ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ကားလောကအကြောင်း ဆောင်းပါးများ ရေးသားနေသည့်ကို အရည်ကျို (ဦးအောင် ဇော်ဦး) က ပြောကြားသည်။  “ဘတ်စ်ကားအသုံးပြု ခရီးသည်လည်း အဆင်ပြေစေ၊ ကိုယ်ပိုင်ယာဉ်တွေအတွက်လည်းအဆင်ပြေအောင်ကန့်သတ် အချိန်နဲ့လမ်းတွေကို သေချာသုတေသန လုပ်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly 

No comments:

Post a Comment