Wednesday 30 July 2014

သမ္မတက စာနယ်ဇင်းကောင်စီ (ယာယီ) ကို တွေ့ဆုံခွင့်ပေးမည်

စာနယ်ဇင်းကောင်စီ(ယာယီ)ကို သမ္မတက တွေ့ဆုံခွင့်ပေးမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီဝင်တစ်ဦး ထံမှ သိရသည်။
သမ္မတဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူအချို့တို့ ဩဂုတ် ၁ ရက် နံနက် ၁ဝ နာရီ တွင် နေပြည်တော်၌ တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း အဆိုပါ စာနယ်ဇင်းကောင်စီဝင်တစ်ဦးထံ က ပြော ကြားသည်။ သို့သော် မည်သည့်အကြောင်းအရာများကို ဆွေးနွေးကြမည်ကို မသိရှိရသေးပေ။

လတ်တလောဖြစ်ပေါ်နေသော မီဒီယာအရေးကိစ္စများနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံခွင့်တောင်းခံခဲ့သော်လည်း သမ္မတအနေဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ တွေ့ဆုံခွင့်တောင်းဆိုမှုအပေါ် ထိုစဉ်က အကြောင်းပြန်ကြားခြင်း မရှိဘဲ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့်သာ တွေ့ဆုံခွင့်ရရှိခဲ့သည်။

ဇူလိုင် ၂၁ ရက်က စာနယ်ဇင်းကောင်စီ (ယာယီ)မှ တာဝန်ရှိသူအချို့နှင့် ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးရာတွင်လည်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာ အပေါ် ဖြေရှင်းပေးနိုင်မည့် တိကျသည့်အဖြေ မရရှိခဲ့ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနဖက်မှ စာနယ် ဇင်းကောင်စီ အတွက် ရုံးခန်းနေရာရရှိရေး လုပ်ဆောင်ပေးမည့်ကိစ္စအပေါ် ဆွေးနွေးနိုင်ခဲ့ကြောင်း စာနယ် ဇင်းကောင်စီဘက်မှလည်း ရုံးခန်းနေရာရရှိရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စသည်တို့ကိုသာ ဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဂျာနယ်လစ်များ စစ်ဆေးမေးမြန်းခံရခြင်း၊ ပြစ်မှုပြစ်ဒဏ်မမျှတသော ထောင်ဒဏ်ချမှတ်ခံရခြင်းများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းမီဒီယာအချို့ အပေါ် ဆောင်ရွက်မှု များနှင့် ပတ်သက်ပြီး တရားမျှတမှုရှိစေရန် ဇူလိုင် ၂၂ ရက်က သမ္မတထံ သဝဏ်လွှာပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ သဝဏ်လွှာနှင့် ပတ်သက်၍ ဇူလိုင် ၂၅ ရက်တွင် သမ္မတထံမှ အချက်ငါးချက်ပါ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်နာယကထံ ပြန်လည်ပေးပို့ခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် “သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အလေးထား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှု အဆင့် သည် အရှေ့တောင်အာရှတွင် ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည် ကို လေ့လာတွေ့ ရှိနိုင်ကြောင်း၊ ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊  ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက်သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များ ကြုံခဲ့ရကြောင်း၊ ကမ္ဘာ့အလယ်တွင် သိက္ခာကျဆင်းမှုများကြုံ ရကြောင်း၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့်အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်းမရှိသည်ကို ဥပဒေ များဖြင့် ပြဌာန်းသတ်မှတ်ပြီးဖြစ်ကြောင်း” စသည့်အချက်များ ပါဝင်ခဲ့သည်။ 

မီဒီယာများနှင့် ပတ်သက်သည့် သမ္မတ၏ သဘောထားအပေါ် မီဒီယာများက ပြန်လည်ဝေဖန်မှုများ ပြု လုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) တာဝန်ခံသမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင် ဦးဇော်သက်ထွေးတို့  လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် သမ္မတကစာနယ်ဇင်းကောင်စီ (ယာယီ) အား ယခု ကဲ့သို့ တွေ့ဆုံခွင့်ပြုမည်ဟူသော ရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment