Wednesday 30 July 2014

တော်ဝင်လုပ်သားများကို ရိုက်နှက်မှု အင်းစိန်ထောင်ဝန်ထမ်းနှစ်ဦး တောင်းပန်မည်ဟုဆို

တော်ဝင် သစ်အချောထည် လုပ်သားနှစ်ဦးကို ရိုက်နှက်ခဲ့မှုအတွက် အင်းစိန် အကျဉ်းထောင်က ဝန်ထမ်းနှစ်ဦးက သြဂုတ်လ ၃ ရက်နေ့တွင် ပြန်လည် တောင်းပန်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောကြားသည်။

မိန်းဂျေး (စည်းကမ်းထိန်းသိမ်းရေးရုံး) ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် အကျဉ်းထောင်ဝန်ထမ်း အေးမင်းအောင် တို့မှ တော်ဝင်လုပ်သား ဦးသီဟကိုကိုနှင့် ဦးမောင်မောင်သက်တို့ကို လည်ပင်းညစ်ခြင်း၊ ပါးရိုက်ခြင်းတို့ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သဖြင့် ယင်းသို့ တောင်းပန်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် နာကျင်စေမှု၊ ခြိမ်းခြောက်မှုများဖြင့် အလုပ်သမားများက အမှုဖွင့်ခဲ့ကြကြောင်း ဦးအောင်သူရိန်ထွန်းက ပြောဆိုသည်။

တရားဝင် တောင်းပန်ပါက အလုပ်သမားများက တရားစွဲဆိုထားမှုကို ကျေအေးပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အင်းစိန် အကျဉ်းထောင်က ဝန်ထမ်းများ၊ အလုပ်သမားများကို တောင်းပန်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အဆိုပါ အကျဉ်းဦးစီးဌာနမှာ တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဦးမောင်မောင်ကြီးမှာ ပင်စင်ယူတော့မည် ဖြစ်ပြီး လက်ရှိတွင် ခွင့်ယူထားကြောင်း၊ အေးမင်းအောင်မှာလည်း အလုပ်ထွက်သွားပြီ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

အဆိုပါ ဝန်ထမ်းနှစ်ဦးကို ထပ်မံဆက်သွယ်ရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။ ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မိသားစု သစ်အချောထည်စက်ရုံတွင် အလုပ်သမား အခွင့်အရေး တောင်းဆိုရာမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်ရှင် အလုပ်သမား ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ယင်းကိစ္စကြောင့် အလုပ်ရှင်က အလုပ်သမားများကို ပိုင်နက်ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု၊ အားပေး အားမြှောက်မှုများနှင့် တရားစွဲဆိုမှုကြောင့် အလုပ်သမား ၂၀ ကျော် အင်းစိန်ထောင်တွင် ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly 

No comments:

Post a Comment