Wednesday 30 July 2014

ဖုန်းလိုချင်သည့်ကလေးငယ် ဆိုင်အတွင်းသို့ တံခါးဖျက်ဝင်ရောက်မှုဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံရွာအလယ်ပိုင်းအထက်တန်းကျောင်းခွဲအနီးရှိ လျှပ်စစ်ပစ္စည်းဆိုင် တစ်ဆိုင် အား ဇူလိုင်လ(၂၈)ရက်နေ့ ည(၁၀း၀၀)နာရီခန့်တွင် အသက်(၁၀)နှစ်အရွယ်ရှိ ကလေးငယ်သည် ဆိုင်တံခါး မူလီများအား ၀က်အူလှည့်ဖြင်လှည့်၊ အုတ်ခဲဖြင့်ထုပြီးနောက် ဆိုင်အတွင်း ဖောက်ထွင်း ၀င်ရောက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရှိရသည်။
အဆိုပါ လျှပ်စစ်ပစ္စည်းဆိုင်မှာ လျှပ်စစ်ပစ္စည်းအများ ဖုန်းကဲ့သို့ပစ္စည်းများပါ ရောင်းချကြောင်းနှင့် ကျူးလွန် သည့် ကလေးငယ်မှာ ၎င်း၏မိသားစုများကို ဖုန်းလိုချင်၍ ၀ယ်ယူပေးခိုင်းနေသည်မှာ ကြာနေ ပြီဖြစ်ကြောင်းကိုလည်း ကလေးငယ်၏ အဖွားဖြစ်သူ ပြောပြချက်အရသိရှိရသည်။

“ရွာဓလေ့အရ ကလေးက ညဘက်ဆို တခြားအိမ်တွေမှာ တီဗီကြည့်တယ်။ သွားဆော့တယ်။အဲ့ဒီနေ့ က ညနေ ခြောက်နာရီလောက် ကလေးက သွားကစားမယ် ပြောပြီးထွက်သွားတယ်။အပြန်သူ့ အမေ နဲ့ အတူတူ သွားအိပ်မယ်တဲ့။ အဲဒီညကသူ့အမေက အိမ်မှာမရှိဘူး။နေမကောင်းတဲ့ သူ့အဖွား အိမ်မှာ သွားအိပ် တယ်။ ကျွန်မမြေးလေးဖုန်းဝယ်ခိုင်းနေတာကြာပြီ။ ကျွန်မကပြောတယ်။ လေးငါး ရက် စောင့် ပါ။ ဆေးလိပ်လိပ်ခရရင် ၀ယ်ပေးမယ်လို့ပြောတယ်။” ဟု ကလေး၏ အဖွားတော်စပ်သူက ပြော သည်။

ဆိုင်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားနေသည့် ကလေးငယ်အား ဆိုင်မျက်စောင်းထိုးအနီး နေထိုင် သည့် ဦးစိုးဝင်းကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အမေအိမ်ကနေ အိမ်ကိုစက်ဘီးစီးလာတယ်။ စတိုးဆိုင်အရှေ့ရောက်တော့မီးရောင် တွေ့တယ်။ ဒါနဲ့ အိမ်မှာ စက်ဘီးထားပြီး အပေါ်ထပ်ကနေကြည့်နေတယ်၊ကလေးက တံခါးကို ခဲနဲ့ နှစ်ချက်ထု လိုက်တယ်။ ကားမီးရောင်လာရင်သူပုန်းလိုက်တယ်။ ခဏကြာတော့ ကလေးက လမ်းမအပြင်ဘက် ထွက်သွားတယ်။ စိတ်ထဲမှာသူပြန်ပြီလို့ ထင်နေတာ။ ဆယ်မိနစ်လောက် ကြာတော့ မသင်္ကာတာနဲ့ ဆိုင်ထဲလဲမီးရောင်တွေ့တော့ ကျွန်တော်အပါအ၀င် ၄ ယောက်နဲ့ သွားကြည့်တယ်။ဆိုင်ရှင်ကို ဖုန်းဆက်ပြီး နယ်ထိန်းလာမှ တံခါးဖွင့်တယ်။” ဟု ဦးစိုးဝင်းကကြုံတွေ့ခဲ့ပုံကို ရှင်းပြသည်။

ဦးစိုးဝင်းဖုန်းဆက်ခဲ့သည့်အတွက် ဆိုင်ရှင်ရောက်လာခဲ့ပြီး ကလေးငယ်အား ၀န်ခံကတိထိုးခိုင်းခဲ့ သည်ဟု သိရှိရသည်။

“သူ့ကိုထွက်ခဲ့ခိုင်းတယ်။ ဆိုင်ရဲ့ဒေါင့်နားမှာ ကပ်နေတယ်။နယ်ထိန်းကရဲနှစ်ယောက်ကိုခေါ်ပြီး တံခါး ဖွင့်တယ်။ ကလေးပြောတော့ သူဆိုင်ထဲဝင်အိပ်တာတဲ့ အိပ်တာတော့မဖြစ်နိုင်ဘူး။ သူလုံချည် ကကျောင်း စိမ်း၊ ဒါပေမယ့် ကျောင်းသားတော့ မဟုတ်တော့ဘူး။ သူ့လက်ထဲမှာဝက်အူလှည့်ရယ်၊ ဖယောင်းတိုင်ရယ် မီးခြစ်ရယ်တွေ့တယ်။ဆိုင်ထဲကဖုန်းတွေထည့်ထားတဲ့ ဗီရိုကသော့ကို ကလော်ထားတော့ သော့ ကကောက်နေ တယ်။”ဟု စတိုင်းဆိုင်ပိုင်ရှင် မခင်သီတာဆွေက ပြောသည်။

အဆိုပါ ဖေါက်ထွင်းမှုပြုလုပ်ခဲ့သော ကလေးအား ပေါင်မြို့မရဲစခန်းမှခေတ္တခေါ်ယူ ထိန်းသိမ်းထားပြီး ငယ်ရွယ်သူ ကလေးအရွယ်ဖြစ်သောကြောင့် အမှုဖွင့်ထားခြင်းမရှိဟု ပေါင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

Shwe Myitmakha Media Group

No comments:

Post a Comment