Wednesday 30 July 2014

လေယာဉ်ဆီ မသန့်ရှင်းမှုများကြောင့် လေယာဉ်အင်ဂျင် ထိခိုက်ကာ အန္တရာယ်ရှိနိုင်ဟုဆို

လေယာဉ်ဆီမသန့်ရှင်းမှုကြောင့် လေ ယာဉ်အင်ဂျင်ထိခိုက်ကာ အန္တရာယ်ရှိနိုင်ကြောင်း လေယာဉ်ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေယာဉ်စက်မှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က The Messenger Media သို့ ပြောသည်။

လေယာဉ်ဆီမသန့်ဘူးဆိုရင် အင်ဂျင် နဲ့ လှုပ်ရှားမှု၊ အင်ဂျင်ရဲ့မောင်းနှင်မှုတွေ အင်ဂျင်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ပါတယ်။ အင်ဂျင်ပိုင်း ဆိုင်ရာ ထိခိုက်မယ်ဆိုရင်တော့ နောက်ဆုံး လေယာဉ်ပျံ ဘေးအန္တရာယ် ကျရောက်နိုင်ပါတယ် ဟု ၎င်း ကပြောသည်။ လေယာဉ် ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် လေယာဉ်ဆီများ သန့်စင်မှုရှိမရှိ စစ်ဆေးသွားရန် မရှိသေးသော်လည်း လေယာဉ်ဆီသုံးစွဲသည့် လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ် ဆီရောင်းချသည့် ကုမ္ပဏီ (Service Provider) တွင် လေယာဉ် ဆီမ၀ယ်ယူမီ အဆိုပါလေယာဉ်ဆီ သန့်ရှင်းမှု ရှိမရှိ စစ်ဆေးခွင့်၊ အထောက်အထားများ တောင်းခံခွင့်စသည့် လုပ်ပိုင်ခွင့်များ ရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

အသုံးပြုသူ လေကြောင်းလိုင်းများ အနေနဲ့ ဆီကိုဖြည့်လိုခြင်း၊ မဖြည့်လိုခြင်း ကိစ္စကတော့ သူတို့တွေ ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ လေယာဉ် ဆီရောင်းချရာတွင် မသန့်ရှင်းမှုများနှင့် မှိုပါဝင်မှု ရှိနေသည်ဟု သတင်းများထွက်ပေါ် နေသည့် အတွက် ပြည်ပလေကြောင်းလိုင်းများက မြန်မာနိုင်ငံတွင် လေယာဉ်ဆီ ဖြည့်တင်းမှုအား ရပ်ဆိုင်းမည် ဟူသော သတင်းများထွက်ပေါ်နေ ကြောင်း ပြည်တွင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ် ဇွန်လအတွင်းက သန့်စင်၍ အရည်အသွေး ကောင်းမွန်သော လေယာဉ်ဆီများ တင်သွင်းခွင့်အား စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါ ခေါ်ယူခဲ့ရာ စိတ်ဝင်စား၍ အဆိုပြုလွှာ တင်ဒါတင်သွင်းသည့် ကုမ္ပဏီ (၂၀) ကျော်ရှိခဲ့ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment