Monday 21 July 2014

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက် ပြန်ပြင်ဆင်ရန် စဉ်းစားမည်ဟု ကော်မရှင်ဆို

နိုင်ငံရေးပါတီများ၏ အကြံပြုချက်များကို ထည့်သွင်း ဖြည့်စွက်ခြင်း မရှိဘဲ အတည်ပြု ထုတ်ပြန်ထားသော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားလွှာကို နိုင်ငံရေး ပါတီများက ကန့်ကွက်နေသောကြောင့် ပြန်လည်ပြင်ဆင်ပေးရန် စဉ်းစားသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွန်ကြားချက် (၁/၂၀၁၄) တွင် ရွေးကောက်ပွဲ ကျင်းပနေစဉ်အတွင်း မဲရုံတစ်ခုတွင် နိုင်ငံရေးပါတီများက မဲရုံကိုယ်စားလှယ် တစ်ဦးသာ ထားခွင့်ပြုမည်ဟု ထုတ်ပြန်ထားသော်လည်း နှစ်ဦးအထိ ထားခွင့်ပြုရန် စဉ်းစားနေကြောင်း ၎င်းကဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ သမာသမတ်ကျရန် နယ်ပယ်စုံမှ ပါဝင်ကြသော အဖွဲ့အစည်းများ ညီလာခံ ခေတ္တရပ်နားချိန်တွင် ၎င်းက သတင်းမီဒီယာများကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွန်ကြားလွှာကို ဇူလိုင် ပထမပတ်အတွင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ၏ အကြံပြုချက်များ မပါဝင်ဘဲ ထုတ်ပြန်သဖြင့် နိုင်ငံရေးပါတီ အသီးသီးက ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ ညွန်ကြားချက်တွင် ပါဝင်သော ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ အနေနှင့် မဲဆွယ်စည်းရုံး ဟောပြောရာတွင်၊ မဲဆွယ်စည်းရုံးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများကို ချိုးဖောက်သည့် ဟောပြောမှုများ မပြုလုပ်ရန်နှင့် နိုင်ငံတော်ကို အကြည်ညို ပျက်စေမည့် ဟောပြောစည်းရုံးမှုများကို ရှောင်ရှားရန်ဟူသော အဓိပ္ပာယ် တိတိကျကျ ဖွင့်ဆိုထားခြင်း မရှိသည့် အချက်များ ပါဝင်နေကြောင်း၊ ယင်းအချက်များကိုလည်း တိတိကျကျ ပြန်လည် ပြင်ဆင်ပေးရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောဆိုသည်။

“အစိုးရကို ခုပေါ်လစီတွေ မအောင်မြင်တာ၊ အကျင့်ပျက် လာဘ်စားမှုတွေ မအောင်မြင်တာ၊ အလုပ်လက်မဲ့တွေ ပပျောက်ရေးတွေ မအောင်မြင်တာ အဲဒါမျိုးတွေကို ပြောပြီး စည်းရုံးမယ် ဆိုရင်ကော ပြစ်မှုမြောက်မလား။ နိုင်ငံတော်နဲ့ အစိုးရနဲ့ကို ခွဲခွဲခြားခြား ဖြစ်ဖို့ပေါ့။ အငြင်းပွားစရာ မဖြစ်အောင် ပြင်ပေးသင့်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲများတွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းအတွက် ခွင့်ပြုရက်နှင့် မဲဆွယ်စည်းရုံးမှု အပေါ် ခွင့်ပြုချက် တောင်းခံခြင်း ဆိုသည့်အစား အသိပေးဆိုသော အဆင့်သို့ လျှော့ချပေးရန် တောင်းဆိုသော်လည်း ဖြည့်စွက်ထားခြင်း မရှိကြောင်း တိုင်းရင်းသား ပါတီများထံမှ သိရသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ကို နိုင်ငံရေးပါတီများ၏ အကြံပြုချက်များ မပါဝင်ဘဲ ထုတ်ပြန်သည် ဆိုကာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် ၂၀ နှင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားများ ဖောက်ဒရေးရှင်း (NBF) ကလည်း ဇူလိုင် ၁၈ ရက်က ပြန်လည် ပြင်ဆင်ပေးရန် ကြေညာချက် ထုတ်ပြန်ထားသည်။

(နေဇာကျော်)
The Voice Weekly 

No comments:

Post a Comment