Wednesday 23 April 2014

လက်ပံတောင်းဒေသခံ ဘွဲ့ရလုပ်သားများ ဆန္ဒထုတ်ဖော်မည်

ဝမ်ပေါင်ကုမ္ပဏီနှင့် လစာညှိနှိုင်းမှုမှာ တစ်လပြည့်သည်အထိ မပြေလည်သည့်အတွက် လက်ပံတောင်း ဒေ သ ခံကျေးရွာ၂၆ ရွာမှ ဘွဲ့ရလုပ်သားများ ဧပြီလ ၂၃ ရက်နေ့ (ယနေ့) တွင် လစာ တိုးမြှင့် ရရှိရန် လူအင် အား ၃၅၀ ဖြင့် ယင်းကုမ္ပဏီ အနီးတွင် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း လုပ်သား ခေါင်းဆောင် တစ်ဦး က ပြောကြားသည်။
“နောက်ဆုံးအကြိမ် ဧပြီ ၂၀ ရက်နေ့မှာ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးတွေ အပါအဝင် ဦးပိုင်က တာဝန်ရှိ သူတွေနဲ့ လုပ်သားတွေ တွေ့ဆုံခဲ့ပါသေးတယ်။ ဒေါ်လာ ၁၈၀ ထိ တိုးပေးမယ်လို့ ကမ်းလှမ်း ခဲ့ပေမယ့် လုပ်သားတွေက ဒေါ်လာ ၂၄၀ ရမှ ဆက်လုပ်မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် လစာကိစ္စ ညှိနှိုင်းတာ ပြေလည်မှု မရခဲ့ပါဘူး။ ဒါကြောင့် ဆန္ဒထုတ်ဖော်တာ” ဟု ၎င်းကပြောဆိုသည်။

ဆန္ဒထုတ်ဖော်မှုတွင် အချက်ရှစ်ချက် ဖြစ်သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိ ပုဂ္ဂိုလ်များ အုပ်ချုပ်မှု ပွင့်လင်းမြင်သာရေး၊ လူသာချင်းစာနာ ထောက်ထားရေး၊ ဒေသခံ သင်တန်းသားများအပေါ် ဖိနှိပ်ခြင်းမှ ကင်းရှင်းရေး၊ တောင်းခံထားသည့် လုပ်ခလစာ တိုးမြှင့်ရရှိရေး၊ ဒေသခံ မြေယာဆုံးရှုံးသည့် ဘွဲ့ရများ အခွင့်အလမ်း အပြည့်အဝ ရရှိရေး၊ သင်တန်းသားအားလုံး တန်းတူ အခွင့်အရေး ရရှိရေး၊ ဒေသခံများ လူနေမှုဘဝ တိုးတက် မြင့်မားရေးနှင့် အလုပ်သမား အကျိုးခံစားခွင့် အပြည့်အဝ ရရှိရေးစသည့် အချက်များ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖောင်းကတာ ကျေးရွာက ဒေသခံ ဘွဲ့ရ လုပ်သား တစ်ဦးက ပြောကြားသည်။

ဘွဲ့ရလုပ်သားများ အနေဖြင့် ဧပြီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့ များတွင်လည်း နှစ်ကြိမ် ဆန္ဒထုတ်ဖော်မှု များ ပြုလုပ်ခဲ့ပြီး ယခုဧပြီလ၂၃ ရက်နေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်မှုမှာ တတိယအကြိမ် ဆန္ဒထုတ်ဖော်မှု ဖြစ်ကြောင်း ဒေသခံဘွဲ့ရ လုပ်သားအချို့၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဝင်ရောက် လုပ်ကိုင်ရန် ဝမ်ပေါင် ကုမ္ပဏီမှ စာတွေ့ လက်တွေ့ သင်တန်း ပေးထားသော ဒေသခံ ဘွဲ့ရ လုပ်သားများအား အစောပိုင်း ကာလတွင် အခြေခံ လစာ အမေရိကန်ဒေါ်လာ ၁၂၀ သာ ပေးချေမည် ဖြစ်ပြီး၊ ညှိနှိုင်းမှု များကြောင့် ဧပြီလ ၂၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၈၀ ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း လုပ်သားများမှာ အမေရိကန်ဒေါ်လာ ၂၄၀ ရမှသာ ဝမ်ပေါင် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ဘွဲ့ရလုပ်သားများက တူညီစွာ ပြောဆိုသည်။

ယင်းဘွဲ့ရ လုပ်သားများမှာ မတ်လ ၂၂ ရက်နေ့မှ စတင်၍ လုပ်ခလစာ တိုးမြင့် ရရှိရေးအတွက် ဝမ်ပေါင် ကုမ္ပဏီက တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ ယင်းအချိန်က စတင်၍ လုပ်ငန်းခွင်သို့ ဝင်ရောက်မှု မရှိတော့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment