Wednesday 23 April 2014

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော CPI ကုမ္ပဏီ၏ အကူအညီဖြင့် ကချင်ပြည်နယ်ရှိ သတင်းစာဆရာများ တရုတ်နိုင်ငံသို့ သွားရောက်

ကချင်ပြည်နယ် သတင်းစာဆရာများသည် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေသော CPI ကုမ္ပဏီ ၏ အကူအညီဖြင့် တရုတ်နိုင်ငံရှိ ယင်းကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် အထင် ကရ နေရာများကို ဧပြီ ၁၃ ရက်မှ ဧပြီ ၂၁ ရက်အထိ ကိုးရက်ကြာ လေ့လာရေးခရီး သွားရောက် ခဲ့ပြီး မြစ်ဆုံစီမံကိန်းကို ၂၀၁၅ တွင် ပြန်လည်စတင်လိုကြောင်း CPI ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု အဆိုပါခရီးစဉ်ကို လိုက်ပါခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။
ယခုခရီးစဉ်တွင် ကချင်ပြည်နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးစိုင်းထင်လင်း၊ အတွင်းရေးမှူး ဦးလှသန်းမြင့် (မောင်ပြုံးမြင့်-ဘီလူးမြို့)၊ ဦးမောင်ရီ (ဆီမီးခုံ-နန်းရီ)၊ ဦးခင်မောင်ဦး (သစ္စာ-မိုးညှင်း)၊ ဦးနိုင်မိုး (နိုင်မိုး-လုံးခင်း)၊ ဦးစိုးနိုင်ဦး (မြတ်သူမင်း-ဥက္ကံ)၊ ဦးမင်းမင်းဦး (မင်းမင်းဦး-မြစ်ကြီးနား)၊ ဦးကျော်ဇင် ၀င်းဖေ (ပြည်ထောင်စုနေ့စဉ်-အယ်ဒီတာ)၊ ဦးငြိမ်းသူအောင် (ညနေခင်း-အယ်ဒီတာ)၊ ဒေါ်ခင်သန်းညွန့် (ပန်းရွှေစင်-မိုးညှင်း)၊ ဒေါ်မြင့်မြင့်ချို (မုန်းမုန်းမင်း-မိုးညှင်း)၊ ဦးစောရန်အောင် (အောင်မြိုင်-စက်မှု)တို့ လိုက်ပါသွားကြောင်း သိရသည်။

 ခရီးစဉ်၏ ခေါင်းဆောင်ဖြစ်သူ ဦးစိုင်းထင်လင်းက “ကုမ္ပဏီက ဒုဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးရပါတယ်။ ခရီးစဉ်အားလုံး တာဝန်ကျေအောင် ဆောင်ရွက်ပေးပါတယ်။ CPI က မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာန ၁၁ ခုနဲ့ စာချုပ်ချုပ်ဆိုထားတော့ မပျက်ပြယ်ဘူးလို့ ယူဆတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အနောက်အုပ်စုတွေက အဘက်ဘက်က ပိတ်ထားတဲ့အခါ တရုတ်နိုင်ရဲ့ အကျိုးအမြတ်ထက် နိုင်ငံရေးအရ ရပ်တည်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကမ္ဘာက ပညာရှင်တွေလည်း မြစ်ဆုံစီမံကိန်းကို လာရောက်လေ့လာ စေချင်တယ်လို့ ပြောပါတယ်” The Daily Eleven သို့ ပြောကြားသည်။

ယင်းခရီးစဉ်တွင် လိုက်ပါသွားသည့် သတင်းစာဆရာများက မေးခွန်းအနည်းငယ်သာ မေးမြန်း ခဲ့ပြီး မြစ် ဆုံကို ၀မ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းတောင် ကြေးနီတောင် စီမံကိန်းကဲသို့ မည်သည့်ပြောင်းလဲမှုကိုမျှ လက်မခံနိုင်ကြောင်း၊ ၀န်ကြီးဌာန ၁၁ ခုနှင့် စာချုပ်တရားဝင် ချုပ်ဆိုထားသည့်အတွက် ယခုအချိန်အထိ မပျက်ပြယ်သေးကြောင်း၊ စာချုပ်တွင်ပါသည့် အကြောင်းအရာများမှာ လျှို့ဝှက်များဖြစ်သည့်အတွက် မြန်မာ အစိုးရ၏ ခွင့်ပြုချက်ရမှသာ ပြသနိုင်မည်ဖြစ်ကြောင်း၊ မြစ်ဆုံဆည်စီမံကိန်း မတည်ဆောက်မီ လျှပ်စစ် ၀န်ကြီး ဦးဇော်မင်းနှင့်အဖွဲ့သည် Three Groges ဆည်ကို သုံးကြိမ်တိုင် လေ့လာခဲ့ကြောင်း၊ ၂၀၁၅ နိုင်ငံရေး အပြောင်းအလဲကို စောင့်ဆိုင်းနေကြောင်း၊ မဖြစ်မနေ လုပ်မည်ဖြစ်ကြောင်း CPI ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု လိုက်ပါသွားသူများက ဆိုသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး မြစ်ဖျားဧရာ မီဒီယာနှင့် ကချင်ပြည်နယ် စိမ်းရောင်စို၏ တာဝန်ခံ ဦးကျော်ကျော်ဦး က “CPI ကုမ္ပဏီက သတင်းစာဆရာတွေကို အသုံးချချင်နေတာပါ။ ပါသွားတဲ့ လူတွေ ထဲမှာ မြစ်ဆုံနဲ့ အခြားရေကာတာတွေဆောက်တာ ကောင်းတဲ့အကြောင်း ရေးတဲ့လူလည်း ပါတယ်။ ဘာသတင်းမှ မရေးတဲ့လူတွေလည်း ပါသွားတယ်။ မီဒီယာရဲ့ အထောက်အခံယူပြီး မြစ်ဆုံကို ပြန်လုပ် ချင်နေတယ်လို့ မြင်ပါတယ်” ဟုဆိုသည်။

ယခု လေ့လာရေးခရီးစဉ်ကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မြစ်ဆုံစီမံကိန်း၏ မန်နေဂျာ လီကောင်းဟွာ က မြစ်ဆုံရှိ CPI လုပ်ကွက်တွင် ကချင်ပြည်နယ်ရှိ သတင်းစာဆရာများနှင့် တွေ့ဆုံစဉ် ဖိတ်ကြား ခဲ့ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း မန္တလေး-ကူမင်း-ပီကင်း-ရှန်ဟိုင်း-ယီချန်း-ကျင်းဟုန် စသည့်မြို့များသို့ သွားရောက်ခဲ့ပြီး တစ်ဦးလျှင် ခရီးစရိတ် ကျပ်သိန်း ၃၀ နှင့် စားစရိတ် ဆယ်သိန်းကျော်ကုန်ကျပြီး ကုန်ကျစရိတ်များကို ကုမ္ပဏီက ကျခံကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment