Tuesday 22 April 2014

အဖြစ်ဆိုးအလွန် ခရီးသည်တင်ယာဉ်လိုင်းအချို့ အပြောင်းအလဲစတင်

တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည်များ  မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းက  အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများ အနေဖြင့်  ခရီးသည်များအား အရေးပေါ်ထွက်ပေါက်နှင့် ပတ်သက် ၍ အသိပညာပေးမှု ပြုလုပ်လေ့မရှိသည်ကို မီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်။   ကားအတွင်း လူခြောက်ဦး မီးလောင်သေဆုံးမှု ဖြစ်စဉ်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အရေးပေါ် ထွက်ပေါက်များနှင့် ပတ်သက်ပြီး ခရီးသည်များ သိရှိမှုနည်းပါးခြင်း ကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာ သော အဝေးပြေးခရီးသည်တင် ယာဉ်များသည် အခြားနိုင်ငံများတွင် ပြေး ဆွဲနေသော ယာဉ်များ နည်းတူ အရေးပေါ်ထွက်ပေါက် များ၊ အရေးပေါ်  အသုံးပြုရန် ပစ္စည်းများ ပါလေ့ ရှိသော် လည်း ယာဉ်မောင်းများက အသုံးပြုရမှန်းမသိကြပေ။ အရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ် အခြေ အနေတွင် အသုံးပြုရန် ပစ္စည်းများနှင့်ပတ်သက်၍ လိုက်ပါစီးနင်းမည့် ခရီးသည်များအပေါ် ရှင်းပြလေ့ မရှိသည်ကိုလည်း အဝေးပြေးယာဉ်လိုင်းများက၀န်ခံကြသည်။ ထို့ကြောင့်တောင်ပြာတန်း ခရီးသည်တင် ကားဖြစ်စဉ်က အဝေးပြေးခရီးသည်တင်လုပ်ငန်းများ အပေါ် အရေးပေါ်ထွက်ပေါက်များနှင့်ပတ်သက်၍ သတိပေးခေါင်း လောင်းသံသာဖြစ်သည်။

‘‘လက်ရှိသုံးနေတဲ့ ကားတိုင်း မှာ အရေးပေါ်ထွက်ပေါက်တွေ ပါတယ်။ မှန်ခွဲရမယ့် တူတွေပါ တယ်။ အဲဒါတွေကို ရှင်းမပြကြ ဘူး။ ခုရှင်းပြဖို့လိုနေပြီ’’ဟု ဂျေဂျေအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးအ ကြံပေး ဦးမြင့်ဦး ကအကြံပြုပြောကြားသည်။

အဖြစ်ဆိုးကြုံတွေ့ခဲ့ရသော တောင်ပြာတန်းအဝေးပြေးယာဉ် လိုင်း၏ ကားတွင်လည်းအရေးပေါ် ထွက်ပေါက် များ၊ အရေးပေါ်အသုံးပြုရန်ပစ္စည်များ၊ မှန်ခွဲရန်အတွက် တူများပါရှိသည့် တရုတ်နိုင်ငံထုတ် Higer အမျိုးအစားယာဉ်ဖြစ်သည်။

‘‘အဲဒီနေ့ကဖြစ်တဲ့ ယာဉ်က Higer အမျိုးအစားယာဉ်ပါ။ အ ရေးပေါ်ထွက်ပေါက်တွေပါပါ တယ်’’ဟု တောင်ပြာတန်း ခရီး သည်တင်ယာဉ်လိုင်း တောင်ကြီး  ဂိတ်မှူးမချိုက ပြောသည်။ အရေး ပေါ် ထွက်ပေါက်များပါသော် လည်း ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ယာဉ်မယ်များကိုယ်တိုင်  အရေးပေါ် ထွက်ပေါက်များအ ကြောင်းမသိသလို ခရီးသည်များ ကို ရှင်းမပြနိုင်ခြင်းက လူခြောက် ဦး၏ တန်ဖိုးရှိ လှသော အသက် များဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်ဆိုးနှင့် အမြန်လမ်း ပေါ်တွင် မကြာခဏကြုံတွေ့နေရ သော ယာဉ်မတော်တဆမှုများ ကြောင့် ယခုအခါခရီးသွားအချို့ ခရီးသည်တင်ဘတ်စ်ကားစီးရန် စိုးရိမ်နေကြသည်။

‘‘ဒရိုင်ဘာတွေကို လိုင်စင်ရှိ ရုံနဲ့ မပြီးစေချင်ပါ။ လိုင်စင် သက်တမ်းဘယ်လောက်ရှိပါစေ။ လေယာဉ်တွေလို Flight Hours (မောင်းနှင်ချိန်သက်တမ်း)ရှိစေ ချင်ပါတယ်။ ခြောက်လတစ်ခါ ကျန်းမာရေးစစ်ဆေးစေလိုပါ တယ်။ ဥပမာ စိတ်ကျရောဂါ၊ သွေးတိုး၊ နှလုံး၊ စိတ်ဖိစီးမှုအစစ အရာရာပေါ့။နောက်ပြီး ကားတွေ မှာ အရေးပေါ်ထွက်ပေါက်အ ကြောင်းယာဉ်မယ်၊ ယာဉ်မောင် တွေက ကားမထွက်မီရှင်းပြ၊ သရုပ်ပြစေ ချင်တယ်။ ဘယ်ဂိတ်မှတစ် ခါမှ ရှင်းမပြဘူးပါ’’ဟု 7Day Daily  သတင်းစာတွင်ဖော်ပြခဲ့ သော ‘တောင်ပြာ တန်းနှင့် သေရွာ ပြန်ည’ သတင်းဆောင်ပါးကို ဖေ့စ်ဘွတ်ခ်တွင်ဖတ်ရှုပြီးနောက် ကို အောင်ကျော်ဆန်းက အထက်ပါ အတိုင်းအကြံပြုသည်။

‘‘ခရီးကမသွားလို့လည်း မရ ဘူး။ ဒီအမြန်လမ်းက ကားတွေစီး ရမှာ နည်းနည်းကြောက် တယ်။ ရောက်ချင် တဲ့ အချိန်ရော က် ဖြည်းဖြည်းမောင်းဖို့ အဓိကပဲ။ အန္တရာယ် ကင်းဖို့ပဲအရေးကြီးတယ်’’ဟုဧပြီ ၂၀ရက်တွင် မိတ္ထီလာမြို့သို့ အ ဝေးပြေးခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါသွားသည့် အသက်(၃၀) အရွယ် ကိုကျော်စိုးက သူ၏ခံစား ချက်ကိုပြောသည်။

မြန်မာနိုင်ငံတွင် ပြေးဆွဲနေ သော အဝေးပြေးယာဉ်လိုင်းများ ၌ အရေးပေါ်ထွက်ပေါက် အဖြစ် နောက်ဆုံး ခုံတန်းအနီး ယာဉ်၏ ညာဘက်တွင် အရေးပေါ်ထွက် ပေါက်အပေါက်ကြီးတစ်ပေါက် ပါရှိပြီး ဘယ်ဘက်တွင် ဘေးတွန်း အပေါက်တစ်ပေါက်ပါရှိသည်။ ထို့အပြင် ကားအမိုးပေါ်တွင် ဆွဲတွန်း၍ရသော အရေးပေါ်ထွက်ပေါက်နှစ်ပေါက်ရှိပြီး မှန်များကို ရိုက်ခွဲရန်အတွက် ကားဘေးတစ်ဖက်စီတွင် စိန်သွားပါ တူသုံးလက်စုစုပေါင်း တူခြောက်လက်ပါရှိသည်။

အရေးပေါ်မှန်ခွဲရန်အတွက် ထားရှိသော တူများကို ယာဉ်လိုင်း များက ခရီးသည်များမြင်သာထင် သာအောင် ထားရှိခြင်းမရှိသလို၊ အချို့ယာဉ်လိုင်းများတွင် ထိုတူ များကို ဖြုတ်ထားလေ့ရှိသည်။

‘‘ကားတွေမှာ မှန်ခွဲရမယ့်တူ ပါတယ်ဆိုတာ တစ်ခါမှမမြင်ဖူး ဘူး။ အရေးပေါ်ထွက်ပေါက်တွေ ဘယ်နေရာ မှာ ပါတယ်။ဘယ်လို လုပ်ရမယ်ဆိုတာ ယာဉ်မယ်တွေ ကပြောပြရမယ်။ဒါမှ တစ်ခုခုဖြစ် လာရင် ဘယ်လို လုပ်ရမယ်ဆို တာသိမှာ။မနေ့က မန္တလေးကို အဝေးပြေးကားနဲ့သွားတာ ဘုရားစာရွတ်နေရတယ်’’ဟု ဧပြီ ၁၉ ရက်တွင် ရန်ကုန်မှ မန္တလေးမြို့သို့ အဝေးပြေးကားဖြင့် သွားရောက် သူ ကိုသန့်ဇင်က သူ၏ ခံစားချက်      ကို ပြောသည်။

‘‘တူတွေကို ခရီးသည်တွေ မြင်အောင် မထားကြဘူး။ ရှင်းပြ တာတွေမလုပ်ခဲ့ကြဘူး။ အဝေး ပြေး ကားတွေ အပေါ် ခရီးသည် တွေ ယုံကြည်မှုရအောင်လုပ်ရ မယ်။ ခရီးဆိုတာကလည်း မသွား လို့မရဘူး။ ယာဉ် မထွက်ခင် ဂိတ် တွေမှာ အသိပညာပေးတာတွေ၊ စာရွက်တွေဝေတာတွေ၊ ရှင်းပြ တာတွေလုပ်ရမယ်’’ဟု မန္တလာ မင်းအဆင့်မြင့်ခရီးသည်ပို့ဆောင် ရေးဥက္ကဋ္ဌဒေါ်လဲ့လဲ့အေးကပြော သည်။

အထက်ပါ အဖြစ်ဆိုး၏ သတိပေးမှုကြောင့် ယခုအခါအ ဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်း အချို့မှာ အပြောင်းအလဲများပြု လုပ်ရန် စီစဉ်နေသည်။ဂျေဂျေ၊ အီလိုက်၊မန္တလာမင်း၊ မြတ်မန္တလာထွန်းအစရှိသည့် အဝေးပြေးယာဉ်လိုင်းကြီးများသည် ယာဉ်မောင်းများနှင့် ခရီးသည်များအား အသိပညာပေး ၀န်ဆောင်မှု အသစ်များ  စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂျေဂျေအဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသည် ၎င်းတို့၏ ယာဉ်လိုင်းများတွင် မောင်းနှင်နေသော ယာဉ်မောင်း ငါးဆယ်ဦးအားခေါ်ယူ၍ ယာဉ် မောင်းစည်းကမ်းချက်များ၊ အရေး ပေါ်အခြေ အနေကြုံတွေ့လာပါ ကလုပ်ဆောင်ရန်များကို ဧပြီ ၁၈ရက်မှစတင်၍ သင်တန်းပေးမှုများပြုလုပ်ခဲ့သည်။

‘‘အရက်မသောက်ဖို့၊ ထွက် မပြေးဖို့၊ တစ်စုံတစ်ရာဖြစ်ရင် လုပ်ဆောင်ဖို့သူတို့ကိုယ်တိုင် ကတိပေးပြီး လုပ်နေ ပါတယ်။ နောက်ယာဉ်မောင်းတွေကို သူတို့ ရဲ့နောက်ကြောင်း အကုန်ပြန် လိုက်နေပါတယ်။ ဒါမှ ခရီးသွား တဲ့သူတွေ စိတ်ချရမှာပါ’’ဟု ဦး မြင့်ဦးကပြောသည်။

ထို့အပြင် မန္တလာမင်းခရီး သည်တင်ယာဉ်သည် ယာဉ်ပေါ် တွင်လိုက်ပါမည့် ခရီးသည်များ အား အရေးပေါ် ထွက်ပေါက်များ ရှိသည့်နေရာများ၊ မှန်ခွဲရန်အ တွက်ထားရှိသည့်နေရာများ၊ ထို အရာများမည်သို့ လုပ်ဆောင်ရမည်ကို ဧပြီ ၁၈ရက်မှစတင်ကာ ၎င်းတို့ကား၏ ယာဉ်မယ်များက ခရီးသွားများအား အသိပေးပြော ကြားမှုများ စတင်ပြုလုပ်နေသည် ဟုဆိုသည်။

သို့သော် မထသအဝေးပြေးက အထက်ပါ ယာဉ်တိုက်မှုဖြစ် ပွားပြီးနောက် ယာဉ်လိုင်းများသို့  မည်သည့် ညွှန်ကြားချက်မျှ မညွှန် ကြားသေးကြောင်း ယာဉ်လိုင်း များကပြောသည်။ မထသအဝေး ပြေးမှ တာဝန်ရှိသူ များအား ယခု ဆောင်းပါးအတွက် ဆက်သွယ် မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါ။

ထို့အပြင် ယာဉ်မတော်တဆ မှုများဖြစ်ပွားလျှင် ခရီးသွားများ အတွက် အဓိကကြုံတွေ့နေရ သည့် ပြဿနာတစ်ခုဖြစ် သည်။ ယာဉ်တိုက်မှုဖြစ်ပွားပါက ယာဉ်မောင်းထွက်ပြေးသည်မှာ ယခု နောက်ပိုင်း ပိုများလာသည်။အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများသည် အရည်အချင်းပြည့်မီသော ယာဉ်မောင်းများကို ခန့်အပ်ထားရန်မှာ အရေးကြီးကြောင်းအဝေးပြေးခရီးသည်တင်ကားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

အဝေးပြေးယာဉ်လိုင်းအ များစုသည် ယာဉ်မောင်းနှစ်ဦး ထားရှိလေ့ရှိကြသော်လည်းစည်း ကမ်းလိုက်နာမှု မရှိသော ယာဉ် မောင်းများကြောင့် အမြန်လမ်းမ ပေါ်တွင် ယာဉ်မတော်တဆမှုများ မှာ မြင့်တက်နေဆဲပင်။

‘‘နှစ်ယောက်ထားပေမယ့် တချို့ဒရိုင်ဘာတွေဆိုရင် ၁၁၅မိုင် ရောက်ရင် ရှုံးတဲ့သူမောင်းကြေး ဆိုပြီး ဖဲရိုက် တယ်။ စည်းကမ်း ပျက်ဒရိုင်ဘာကို ထုတ်လိုက်ပေ မယ့် နောက်နေ့မှာ အဲဒီဒရိုင်ဘာ ကို ခေါ်မယ့် ဂိတ်ကရှိပြီးသား။ ဂိတ်တစ်ဂိတ်တည်းက စည်းကမ်း တွေလုပ်နေလို့မရဘူး။ အားလုံး ပူးပေါင်းပါဝင်မှ ခရီးသည်တွေအ တွက် လုံခြုံစိတ်ချရမှာ’’ဟု ဦးမြင့် ဦးက စိတ်ပျက်သည့်အမူအရာ ဖြင့်ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တွင် ပြဿနာတစ်စုံတစ်ရာဖြစ် ပွားပါက ကျန်ခရီးသည်တင်ကား များက ကူညီပေးမှု သည် ခရီး သည်များအား ကူညီပေးမှုပင်ဖြစ် သည်။ တောင်ပြာတန်းလိုင်းမှ ယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဉ် တွင် ထိုနေရာအနီးသို့ ရောက်ရှိလာသောအခြားအဝေးပြေးယာဉ် လိုင်းများအား ဒုက္ခရောက်သော ခရီးသည်များကအကူအညီ တောင်းခံသော်လည်း တစ်စုံတစ်ရာကူညီမှုမပေးခဲ့ကြောင်း ဖြစ်စဉ် တွင်ပါဝင် ခဲ့သူ မသန်းသန်းဝင်းက ပြော သည်။

‘‘ကျွန်မတို့ ဒုက္ခရောက်တော့ တခြားကားတွေကို အကူအညီ တောင်းတာ ဘယ်ကားမှမပေး ဘူး။ လူတွေ က လည်း သွေးတွေ ပေနေလို့ မကူညီတာလားမသိ ဘူး’’ဟု မသန်းသန်းဝင်းက သူ့အ တွေ့အကြုံ ကိုပြောသည်။

အဝေးပြေးကားများတွင် ကီ လိုမီတာ ၁၀၀ထက်ပိုမောင်း၍ မ ရအောင် ပြုလုပ်ထားသင့်ကြောင်း ၊ရန်ကုန်-မန္တလေးခရီးစဉ်အား ရှစ်နာရီမောင်းရန် အချိန်သည် သင့်လျော်သည့်  အချိန်ဖြစ် ကြောင်း ဒေါ်လဲ့လဲ့အေးက အကြံ ပြုသည်။ ခရီးစဉ်အချိန်စောဆိုက် ရောက်မှုထက် ခရီးသည်များဘေး ကင်းစွာရောက်ရှိရန် ပို၍အရေး ကြီးသည်မှာ ယာဉ်မောင်းများ သတိပြုရမည့်အချက်ဖြစ်သည်။

ခရီးသည်များ ထမင်းစားရန် ကားရပ်နားချိန်တွင် ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ အား ထမင်း ဆိုင်များက အရက် ဘီယာများနှင့် ဧည့်ဝတ်ပြုခြင်း သည် ခရီးသည်များ၏အသက်အ န္တရာယ်ကို ဖိတ်ခေါ်နေသယောင် ဖြစ်သည်။

‘‘ခရီးသည်တွေ အဆင်ပြေစွာရောက်ရှိဖို့က ယာဉ်မောင်းသမားတွေရဲ့ တာဝန်ပါ။ လမ်းမှာ အရက်သောက် တာ မျိုးတွေဘယ် လိုမှ မလုပ်သင့်ပါဘူး’’ဟု ဂျေဂျေအဆင့်မြင့်ခရီးသွားပို့ဆောင်ရေး မှ လုပ်သက် ၁၅နှစ်ရှိယာဉ်မောင်းဦးဝင်းကျော်အောင်ကပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တွင် အဆင့်မြင့်ယာဉ်များအသုံးပြုပါက ခရီးသည်များအတွက် ပိုမိုလုံခြုံမှုပေးနိုင်ေ ကြာင်း အီလိုက်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး အထွေထွေမန်နေဂျာ  ကိုတေဇာ ထက်ကဆိုသည်။

အဝေးပြေးယာဉ်လိုင်းများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်မယ်များ ဆောင်ရန်ရှောင်ရန် အချက်များ
-ယာဉ်မထွက်မီ ဂိတ်တွင် ခရီးသည်များအား အသိပညာပေးစာရွက်
များဝေငှရန်။
-ယာဉ်ပေါ်တွင် အရေးပေါ်ထွက်ပေါက်များ၊ မှန်ခွဲရန်အတွက် တူများ ထားရှိသည့်နေရာများကို ခရီးသည်များအားပြောပြရန်။ ပြုလုပ်ရ
မည့်ပုံစံများ သင်ပြရန်။
-အဝေးပြေးလမ်းနှင့်ပတ်သက်ပြီး အရေးကြီးသည့်ဖုန်းနံပါတ်များကို
ခရီးသည်များအားပြောပြရန်။
-ကျွမ်းကျင်သည့် ယာဉ်မောင်းနှစ်ဦးထားရှိရန်။
-ယာဉ်မောင်းများ၏ ကျန်းမာရေးစစ်ဆေးရန်။ အိပ်ရေး၀၀အိပ်ရန်။
-အရက်၊ ဘီယာသောက်ပြီး ယာဉ်မမောင်းရန်။
-အိပ်ငိုက်ပြီး ယာဉ်မမောင်းရန်။
-တစ်နာရီ ကီလိုမီတာ ၁၀၀ ထက် ပိုမမောင်းရန်။

7Day Daily

No comments:

Post a Comment