Tuesday 22 April 2014

သက်တမ်းကုန်လျှင် ၀န်ကြီးထပ်မလုပ်တော့ဟု လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကြေညာ

သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ၃၆ ဦးအနက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သက်တမ်းကုန်လျှင် ၀န်ကြီး ဆက်လုပ်မည် မဟုတ်ကြောင်း တရားဝင်ကြေညာလိုက်သည်။
‘‘ကျွန်တော်က နောက်ထပ် ၂ နှစ်ဆိုရင် လုံးဝဆက်မလုပ်တော့ဘူး။ လယ်/ဆည်ဝန်ကြီးကို။ဒါခင်ဗျားတို့ကို အတိအလင်း ကြေညာတာ’’ဟု ဧပြီ ၂၀ရက်တွင်နေပြည်တော် ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာ ဧက ၄၄၀ စက်မှုလယ်ယာရိပ်သာ၌ နေပြည်တော်ဒေသခံ လယ်သမားများနှင့် တွေ့ဆုံစဉ် ဦးမြင့်လှိုင်က တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ကြေညာခြင်းသည် လက်ရှိအစိုးရသက်တမ်းသုံးနှစ် ကျော်တွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးအနက် ပထမဆုံးထုတ် ဖော်ကြေညာသော ပြည်ထောင်စု ၀န်ကြီးလည်းဖြစ်သည်။ ထို့အပြင် ဦးမြင့်လှိုင်သည် ၀န်ကြီးဌာနများ ဖောင်းပွလွန်းနေ၍ လုပ်ငန်းလုပ်ကိုင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများကြုံတွေ့နေ ရကြောင်းကို လည်း ယခုနှစ် အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ 

ထို့အပြင် ဧပြီ ၂၀ ရက်က ပြုလုပ်သော လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ဒေါက်တာဘွဲ့၊ မဟာဘွဲ့ယူရန် အချိန် ထပ်တိုးတောင်းခံလာသော ၀န်ထမ်းများကို ပြစ်တင်ပြောကြားခဲ့ပြီး ပညာရှင်များသည် စာတမ်းဖတ်ပွဲ များနှင့်သာ အချိန်ကုန်နေ ကြောင်း ပြောကြားခဲ့သည်။

‘‘ခင်ဗျားတို့ လုပ်ရမှာက ခင်ဗျားတို့တတ်တဲ့ ပညာတွေနဲ့ လယ်သမားကိုဆင်းပြီး အကူအညီပေးရမှာ’’ ဟု ဦးမြင့်လှိုင်က ပြောသည်။

၎င်းသည် ယခင်အစိုးရ လက်ထက်ရှမ်းပြည်နယ်မြောက် ပိုင်းတွင် ဆင်းရွှေလီစပါးစတင် စိုက်ပျိုးခဲ့သူဖြ စ်ပြီး နေပြည်တော်တွင်လည်း ထပ်မံစိုက်ပျိုးခဲ့ကာ အစိုးရသစ်လက်ထက်တွင်မူ လယ်/ဆည် ၀န်ကြီး တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

လယ်/ဆည်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဓနုဖြူမြို့ နယ်၌ လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ များကျေအောင် ပြန်ဆပ်ကြရန်၊ ပြန်ဆပ်ရာတွင် အခက်အခဲရှိပါက အကြွေးကျေ အောင် ထမင်းတစ်နပ်လျှော့စားပြီး ဥပုသ်စောင့်ရန် ပြောဆိုခဲ့မှုကြောင့် ဝေဖန်မှုများစွာခံခဲ့ရ သည်။ ထို့အပြင် ၂၀၁၃ တွင် ဧရာဝတီတိုင်းဒေသကြီး၌ စပါးခင်းများရေမြုပ်ပြီး အညာ၌ မိုး ခေါင်နေချိန်တွင် နေပြည်တော် စံပြလယ်ယာများ၌ တစ်နိုင်ငံလုံးရှိ လယ်ယာများအထွက်တိုးရန် တရားနာဆုတောင်း၍ ဝေဖန်ခံခဲ့ ရသေးသည်။

‘‘၀န်ကြီးလည်း ပြောသလောက် ဖြစ်မလာတော့ ကြိုကာတာနေမှာပေါ့။ ဌာနတွင်းမှာလည်း ကျေလည်သူ ရှိသလို မကျေလည်သူတွေလည်း ရှိနေတယ်လို့ သိထားပါတယ်’’ဟု အဆိုပါဝန်ကြီးဌာနနှင့် နီးစပ်သော လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၎င်း၏ လက်ထက်တွင် ပုလဲ သွယ်စပ်မျိုးစပါးတွင်ကျယ်ရေး နှင့် သိပံ္ပနည်းကျစိုက်ပျိုးရေးစနစ် ကျယ်ပြန့် လာရန် လုပ်ဆောင်လာခဲ့သော်လည်း သိပံ္ပနည်းကျ စိုက်နည်းစနစ်မှာမူ တောင်သူ များအကြား လက်ခံ လိုက်နာမှု နည်းနေဆဲဖြစ်သည်။

လက်ကျန်သက်တမ်းအ တွင်းတွင်မူ စက်မှုလယ်ယာနှင့် ဆည်ရေသောက်စနစ်များ ခိုင်မာ စေရေး၊ ပြည်ပ သို့ ဆန်ပိုမိုတင်ပို့ နိုင်ရေး၊ လယ်ယာမြေပြုပြင် ပြောင်းလဲရေး၊ လယ်သမားများ အရင်းအနှီးရရှိရေး စသည် တို့ကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။

7 day Daily

No comments:

Post a Comment