Thursday 24 April 2014

ပြည်တွင်း ထုတ်ကုန် စုစုပေါင်း တန်ဖိုး စားသုံးမှုနှင့် အခြေခံ အဆောက်အဦများ တိုးတက် မြင့်မားရေး

ကမ္ဘာ့နိုင်ငံများမှ အရှေ့တောင်အာရှ နိုင်ငံများတွင် လူဦးရေ သန်းပေါင်း ၇၅ဝ နီးပါး နေထိုင် လျက်ရှိကြရာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ မှစ၍ တစ်ဦးချင်း တစ်နေ့ဝင်ငွေ လျော့ကျလာ ခဲ့ခြင်းကြောင့် ယခုအချိန်တွင် အဆိုပါ နိုင်ငံများရှိ လူတစ်ဦးချင်း တစ်နေ့ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ ဒေါ်လာ ထက် လျော့ နည်းကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆယ်စုနှစ် နှစ်ခုအတွင်း အာရှနိုင်ငံ များ၏ ပြည်တွင်းထုတ်ကုန် စုစုပေါင်း တန်ဖိုး (GDP) သည် ၁၉၉ဝ ပြည့်နှစ်တွင် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ၂ဝဝဝ ပြည့်နှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်။ ထိုကာလအတွင်း ပြည်တွင်းစားသုံးမှု တန်ဖိုးမှာလည်း ၁၉၉ဝ ပြည့်နှစ်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝဝဝ ပြည့်နှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျခဲ့သည်။

ကမ္ဘာ့ဘဏ (WB) ၏ လေ့လာ ဆန်းစစ်ချက်အရ တောင်အာရှ နိုင်ငံများမှ နီပေါနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံ အဆောက်အဦ အနည်းပါးဆုံး နိုင်ငံဖြစ်သဖြင့် အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးမြှင့်ရန် လိုအပ်နေခြင်း ကို ဖြည့်ဆည်းရန် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အတွင်း အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံမှ ၁၈ ဘီလီယံအထိ သုံးစွဲမှသာ ဆင်းရဲမှု လျှော့ချနိုင်မည် ဖြစ်ကြောင်း တွေ့ရသည်။ ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ နီပေါနိုင်ငံ အစိုးရသည် ယခုဘဏ္ဍာရေးနှစ် အတွင်း အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံ GD ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော အမေရိကန် ဒေါ်လာသန်းပေါင်း ၉ဝ၄ သန်းခွင့်ပြုပေးခဲ့သည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော အစီရင်ခံစာတွင် နီပေါနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေ ရရှိရေး၊ စည်ပင်သာယာရေး၊ သောက်သုံးရေ ရရှိရေးနှင့် အခြားလုပ်ငန်း ကဏ္ဍများ အလိုက် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် အထိ နိုင်ငံ GDP ၏ ၆ ဒသမ ၆ ရာခိုင်နှုန်းမှ ၉ ဒသမ ၉ ရာခိုင်နှုန်း အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

စိုက်ပျိုးရေးကို အခြေခံသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် စိုက်ပျိုးရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက်၍ ရရှိလာသော အကျိုးအမြတ်ဖြင့် စက်မှုနိုင်ငံ တည်ထောင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် နေပြည်တော် ကောင်စီနယ်မြေကို အခြေပြု၍ တောင်သူပညာပေး စိုက်ခင်းများနှင့် သုတေသန စိုက်ခင်းများ စိုက်ပျိုးကာ တောင်သူများ ထံသို့ စိုက်နည်းစနစ်နှင့် မျိုးကောင်း မျိုးသန့်များ ဖြန့်ဝေပေးလျက် ရှိသည်။

တောင်သူများ အနေဖြင့် စီးပွားဖြစ် သီးနှံ စိုက်ပျိုးကြရာတွင် ပြည်တွင်း စားသုံးမှု ဈေးကွက် လိုအပ်ချက်နှင့် ပြည်ပဈေးကွက် လိုအပ်ချက်တို့ကို အဘက်ဘက်မှ လေ့လာ၍ နိုင်ငံခြား ဈေးကွက်မှ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်ဖြင့် စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ရှိကြရမည် ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော်တွင် စိုက်ပျိုးရေး ကဏ္ဍ၌ နိုင်ငံတော် အစိုးရ၊ သမဝါယမ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေး ပညာရှင်များ အနေဖြင့် Public Private စနစ် ထွန်းကား ရှင်သန်ရေး အားပေးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ထုတ်ကုန် စုစုပေါင်း တန်ဖိုး၊ ပြည်တွင်း စားသုံးမှုနှင့်အခြေခံ အဆောက်အဦ တိုးတက်မြင့်မားရေး ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ ။

အယ်ဒီတာ့အာဘော်
မြ၀တီ

No comments:

Post a Comment