Thursday 24 April 2014

ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းအနီး အသေးစားနှင့်အလတ်စား စက်မှုဇုန် တည်ဆောက်ရန် စီစဉ်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် အတွင်းရှိ ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းအနီး၌ အသေး စားနှင့် အလတ်စား စက်မှုဇုန် တည်ထောင်ရန် စီစဉ်လျက် ရှိ ကြောင်း စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ စက်မှုဇုန် တည်ဆောက်ရန် အတွက် ထိုင်းနိုင်ငံမှ S Amata Corporation Pcl နှင့် တာဝန်ရှိသူများ အသေးစိတ် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖြစ်သည်နှင့် အညီ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ တွင် Land Servey ပြုလုပ်ခြင်း၊ စက်မှုဇုန် စီမံကိန်း တည်ဆောက်မည့် နေရာနှင့် စီမံကိန်းဇုန် ဧရိယာ သတ် မှတ် အတည်ပြုပေးနိုင်ရန် အထူးမြေတိုင်း အဖွဲ့ဖြင့် တိုင်းတာပြီး ပုံထုတ်ခြင်းနှင့် အစီရင်ခံစာ တင်ပြခြင်းများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းစက်မှုဇုန် အတွက် မြေမီတာ ၂ဝဝဝ အကျယ်အဝန်းတွင် တည်ထောင်ရန် စီစဉ်ထားပြီး ဒေသတွင်း လုပ်ငန်းရှင်များပါ ပါဝင်နိုင်သော ဇုန်အဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ယင်းဒေသသည် စက်မှုဇုန် တည်ထောင်ရန် အဆင်ပြေပြီး ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ အတွင်းရှိ ထီးခီးနယ်စပ် စခန်းသို့ ထားဝယ်မြို့မှ ကားဖြင့် ၄ နာရီကျော် ခန့် မောင်းနှင်ရပြီး ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment