Thursday 14 May 2015

RCSS/SSA အဖွဲ့မှ မိုးနဲမြို့နယ်အတွင်းရှိကျေးရွာများမှ တစ်ရွာလျှင် လူသစ် ၅ ဦးစုဆောင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ လွိုင်ချိုကျေးရွာအုပ်စု၊ လွိုင်ချိုကျေးရွာအတွင်းသို့ မေလ ၁၂ ရက်နေ့ တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီးလူသစ်တောင်းခံသွားကြောင်း ဒေသခံရွာသားများထံမှ သိရ သည်။

အဆိုပါအဖွဲ့သည် လွိုင်ချိုကျေးရွာသို့ ရောက်ရှိလာပြီးအနီးနားပတ်ဝန်းကျင်ကျေးရွာရှိ ရပ်မိ/ရပ်ဖများကိုခေါ်ယူ ၍ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း ယင်းရွာသားတစ်ဦး၏ပြောပြချက်အရ သိရသည်။

“အစည်းအဝေးကတော့ ထုံးစံပေါ့ဗျာ၊ လူသစ်စုဆောင်းပေးဖို့နဲ့ မူးယစ်ဆေးဝါးမသုံးဖို့ဘဲ ပြောတာပေါ့၊ လူသစ်ကတော့ တစ်ရွာကို အနည်းဆုံး ၅ ယောက် စုပေးရမယ်ပြောတယ်၊ မရရင်ဆက်ကြေး ပေးဆောင် ရမယ်လို့ ပြောသွားတယ်”ဟု အမည်မဖော်လိုသူကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။ 

အဆိုပါအဖွဲ့အနေဖြင့် ကျေးရွာများမှ စုဆောင်းရရှိသောလူသစ်များအား မေလ ၁၅ ရက်နေ့ အရောက် လာရောက် ပို့ဆောင်ရန်နှင့် မပို့နိုင်သော ကျေးရွာများအားဆက်ကြေးအဖြစ်တစ်ဦးလျှင် ငွေ ၁၀ သိန်းနှုန်း ပေးဆောင်ရမည်ဟုပြောကြားခဲ့ကြောင်း ၎င်းအုပ်ချုပ်ရေးမှူးမှ ဆက်လက်ပြောကြားခဲ့သည်။

RCSS/SSA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားကျေးရွာများတွင် အတင်းအကြပ်လူသစ် စုဆောင်း နေခြင်းမှာ နိုင်ငံတကာလူ့အခွင့်အရေးများကို ချိုးဖောက်ရာရောက်ကြောင်းနှင့် ဒေသခံတို့မှာ လည်း လူအခွင့် အရေးများဆုံးရှုံးလျက်ရှိကြောင်း နမ့်စန်မြို့မှ ရှေ့နေတစ်ဦးက ပြောကြားသွားသည်။ 

စိုင်းစံလူ
Shan News 

No comments:

Post a Comment