Thursday 14 May 2015

အသက်(၇၀)ကျော် အဘွားအိုကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် တပ်မတော်သားအမှု ပွင့်လင်းမြင်သာစွာ အရေးယူရန် ဒေသခံများဆန္ဒပြ

အဘွားအိုကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် တပ်မတော်သားအား ဗန်းမော်ဒေသခံများက ဆန္ဒပြနေစဉ် (ဓာတ်ပုံ − မရန်)
အသက် (၇၀)ကျော်အရွယ် လေဖြတ်ထားသည့် အဘွားအိုကို အဓမ္မပြုကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြံစည် ခဲ့သည့် တပ်မတော်သားတစ်ဦးအား တရားဥပဒေနှင့်အညီ အရပ်ဘက်တရားရုံးတွင် ပွင့်လင်းမြင်သာ မှန်ကန်စွာ အရေးယူစီရင်ပေးရန် ဗန်းမော်ဒေသခံများက မေလ ၁၃ ရက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

အဘွားအိုကို အဓမ္မပြုကျင့်ရန် ကြံစည်သူ တပ်မတော်သားတစ်ဦးအား အရပ်ဘက်တရားရုံးတွင် စီရင်ရန်၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ရပ်တန့်ရန်နှင့် နည်းပေါင်းစုံ နှိပ်စက်မှုများ ရပ်ဆိုင်းပေးရန် အချက် သုံးချက် တောင်းဆိုခဲ့ကြပြီး ဆန္ဒပြပွဲတွင် အသုံးပြုမည့် စာသားနှင့် အကြောင်းအရာများ၊ တပ်မတော် သား၏ အမည်နှင့် တပ်ရင်းတပ်ဖွဲ့ အမည်တို့ကို အာဏာပိုင်များက ဖျက်ခိုင်းခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဗန်းမော်ဇုန်နယ် အတွင်းရေးမှူး ဆရာတူးဂျာက ပြောသည်။

‘‘ကျွန်တော်တို့ ကိုင်ဆောင် တဲ့ စာသားတွေကို သူတို့အများ ကြီးတည်းဖြတ်လိုက်တယ်။ ခမရ (၄၃၈)က တပ်သားဇော်မျိုးအေး ဆိုတာကိုလည်း ဖျက်ခိုင်းတယ်’’ ဟု ၎င်းကပြောသည်။

ထို့အပြင် ‘‘အသက်(၇၃)နှစ် အရွယ် အဘွားအိုအား အဓမ္မပြု ကျင့်ရန်နှင့် သတ်ဖြတ်ရန် ကြိုး စားသူ ခမရ(၄၃၈)မှ တပ်သား ဇော်မျိုးအေး၏ လုပ်ရပ်အပေါ် လုံးဝကန့်ကွက်ရှုတ်ချဆန္ဒပြပွဲ’’ ဆိုသည့် ဆိုင်းဘုတ် ကိုလည်း အာဏာပိုင်များက ဖြုတ်သိမ်းခိုင်း သည်ဟု ဆရာတူးဂျာက ဆက် လက် ပြောကြားသည်။

ထို့ကြောင့် ဆန္ဒပြပွဲတွင် တပ်သားတစ်ဦးဟုသာ သုံးနှုန်းခဲ့ ရပြီး အာဏာပိုင်များက ခွင့်ပြုထားသည့် လူအင်အားမှာ ၃၀၀ သာ ဖြစ်သော်လည်း အမှန်တကယ် ဆန္ဒပြတောင်းဆိုသည့် အချိန်တွင်မူ ဒေသခံ ၈၀၀ မှ ၁,၀၀၀ ကြား ပါဝင်ခဲ့ကြောင်းသိရသည်။

ယင်းအမှုမှာ ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ည ၇ နာရီကျော်က တပ်သား ဇော်မျိုးအေးသည် မိုးမောက်မြို့နယ် နွမ်လန်ကျေးရွာနေ အသက်(၇၃)နှစ်အရွယ် အဘွားအိုကို အဓမ္မပြုကျင့်ရန် ကြိုးစားနေစဉ် ကျေးရွာ ဒေသခံများက တွေ့ရှိခဲ့ပြီး ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့ နယ် မြို့သစ်ရဲစခန်းမှ တပ်သား ဇော်မျိုးအေးအား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၆၊ ပုဒ်မ ၅၁၁ တို့ဖြင့် အမှုဖွင့် ထားစဉ် တပ်မတော်က ၎င်းတို့၏ တပ်သားအား ပြန်လည်ခေါ်ဆောင် သွားခဲ့သည်။

7Day DAILY 

No comments:

Post a Comment