Thursday 14 May 2015

လိပ်ကျွန်းလူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသူတစ်ဦး၏ ဖခင် ကွယ်လွန်

ထိုင်းနိုင်ငံတွင် လူသတ်မှု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသည့် သားဖြစ်သူ မောင်ဝင်းဇော်ထွန်း ၏ ဓာတ်ပုံကို ကိုင်ထားသည့် ဦးထွန်းထွန်းထိုက်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ လိပ်ကျွန်း (ခေါ်) ခိုတောင်ကျွန်းတွင် လူသတ်မှု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်း ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်သည် ယနေ့နံနက်ပိုင်း က ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာရှိ ၄င်း၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိ သည်။

ဦးထွန်းထွန်းထိုက်သည် ဦးနှောက်အကျိတ် တစ်ခုတွေ့ရှိခဲ့သောကြောင့် လွန်ခဲ့သည့် တစ်လခန့်က ရန်ကုန်မြို့တွင် ဆေးရုံတက်၍ ဆေးကုသမှုခံယူခဲ့ပြီး၊ ၄င်း၏ နေအိမ်သို့ ပြန်ရောက်ပြီး ၁၀ရက်ခန့်အကြာ တွင် ရုတ်တရက် နေမကောင်းဖြစ်၍ ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများက Rakhine News Agency သို့ပြောသည်။

“မေလ ၁၃ရက်ညနေပိုင်းမှာ ရုတ်တရက် နေမကောင်းဖြစ်လာပြီးတော့ မေလ ၁၄ရက်နေ့ မနက်ပိုင်းမှာ ဆုံးသွားပါတယ်” ဟု ကူညီဆောင်ရွက်ပေးနေသည့် ကိုထွန်းထွန်းနိုင် ကပြောသည်။

ဦးထွန်းထွန်းထိုက် သည် ၄င်း၏သားဖြစ်သူ မောင်ဝင်းဇော်ထွန်းကို အားပေးရန်အတွက် အမှုရင်ဆိုင်နေရ သည့် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ကော့စမွီ တရားရုံးသို့ သွားရောက်တွေ့ဆုံစဉ် မီဒီယာ စာမျက်နှာများတွင် နေရာပေး ဖော်ပြခံခဲ့ရသူ ဖြစ်သည်။

လူသတ်မှု စွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရသည့် သားဖြစ်သူအတွက် ကူညီအားပေးရန် ထိုင်းနိုင်ငံတွင် နေထိုင် စဉ် ကပင် ကျန်းမာရေး ချို့ယွင်းလာသောကြောင့် ရန်ကုန်မြို့သို့ ပြန်ရန်ပြင်ဆင်စဉ် လေကြောင်းလိုင်းက လက်မခံသောကြောင့် မော်တော်ယာဉ်ဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လာခဲ့ရသူဖြစ်သည်။

ဦးထွန်းထွန်းထိုက် သည် ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး၊ ကာပီချောင်းကျေးရွာတွင် ဇနီး နှင့် သားတစ်ဦး ကျန်ရှိခဲ့ကာ မေလ ၁၅ရက်နေ့ (မနက်ဖြန်) တွင် ကျေးရွာ၏ ဓလေ့ထုံးတမ်းအရ သင်္ဂြိုလ်သွား မည် ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများ ကပြောသည်။

ကျော်ထွန်း
‎RakhineNewsAgency‬ 

No comments:

Post a Comment