Thursday 14 May 2015

မြစ်ကြီးနားမြို့ စည်ပင်နယ်နိမိတ်အတွင်း နှာခေါင်းစည်း မျက်နှာဖုံးကာ များဖြင့် တပ်ဆင်သွားလာပါက ပုဒ်မ ၁၈၈ဖြင့် အရေးယူမည်

မြစ်ကြီးနားမြို့ စည်ပင်သာ ယာနယ်နိမိတ်အတွင်း နှာခေါင်းစည်း ဖုံးကာ မျက်နှာဖုံး(Mark)များ တပ် ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း၊ သွားလာခြင်းများ ပြုလုပ်ပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မြစ်ကြီး နားမြို့ အထွေထွေအုပ်ချုပ်ရေးမှူး က ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာ လိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နယ်နိမိတ်အတွင်း ဒုစရိုက်မှုကျူးလွန် သူများက မျက်နှာတွင် နှာခေါင်းစည်း ဖုံးကာ မျက်နှာဖုံး(Mask)များ တပ်ဆင်ပြီး ရုပ်ဖျက်၍ ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း တွေ့ရသည့် အတွက် အဆိုပါထုတ်ပြန်ချက်ကို ၂ဝ၁၅ ခုနှစ် မေ ၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်စေနိုင်သော မလိုလားအပ်သည့် ဖြစ်စဉ်များ မဖြစ်ပွားစေရေးနှင့် ပြစ် မှုများ ကြိုတင်ကာကွယ်ရေးအရလည်း ကောင်း၊ အများပြည်သူတို့၏ လူ့အ သက်၊ ကျန်းမာမှု (သို့မဟုတ်) လုံခြုံမှု ကို ထိခိုက်အန္တရာယ် မဖြစ်စေရန်အ တွက်လည်းကောင်း မြို့နယ်၏ငြိမ်ဝပ် ရေးကို နှောင့်ယှက်သည့်အရာကို ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေ၊ သတ်ပုတ် နှောင့်ယှက်မှုကို မဖြစ်ပွားစေရန်အတွက် နှာခေါင်းစည်း မျက်နှာဖုံးကာ (Mask)အား တပ်ဆင်သွားလာခြင်း ကို တားဆီးရခြင်းဖြစ်သည်ဟုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်မောင်၏ ထုတ်ပြန်ချက်တွင် ပြောထား သည်။

ထို့ပြင် မြစ်ကြီးနားမြို့ စည်ပင် သာယာနယ်နိမိတ်အတွင်း နှာခေါင်း စည်းဖုံးကာ မျက်နှာဖုံး(Mask) များ တပ်ဆင်၍ ဆိုင်ကယ်စီးနင်းခြင်း၊ သွားလာခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ရန် ကန့်သတ် ကြေညာ လိုက်သည် ဟုလည်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက် ပြီးထုတ်ပြန်လိုက်သော ဒေသန္တရအမိန့် သည် ၂ဝ၁၅ ခုနှစ် မေ ၁၁ ရက်မှ ဇူလိုင် ၁၁ ရက်အထိ အတည်ဖြစ်သောကြောင့် ဤအမိန့်ကို ဖောက်ဖျက် ကျူးလွန်သူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူခြင်း ခံရ မည်ဆိုပြီး ထည့်သွင်းဖော်ပြထားသည်။

ပုဒ်မ ၁၈၈ သည် ထုတ်ပြန်ကြေ ညာထားသောအမိန့်ကို ဖီဆန်ခြင်းဖြစ် ပြီး ပြစ်ဒဏ်အဖြစ် အလုပ်မဲ့ ထောင် ဒဏ် တစ်လဖြစ်စေ၊ ငွေဒဏ် ၂ဝဝ ဖြစ် စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ် နိုင်သည်။

ယင်းဖီဆန်မှုသည် လူ့အသက်၊ ကျန်းမာရေး၊ လုံခြုံရေးတို့ကို ထိခိုက် ခဲ့ပါက ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ပြီး ငွေဒဏ်အနေဖြင့် ကျပ် ၁ဝဝဝ အထိ တိုးမြှင့်နိုင်ကြောင်း သို့ မဟုတ်ပါက ပြစ်ဒဏ်နှစ်ရပ် စလုံးအား ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထုတ်ပြန်ချက်တွင် မြစ်ကြီးနား မြို့ စည်ပင်သာယာရေး နယ်နိမိတ်အ တွင်းဖြစ်သည့်အတွက် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအိုနှင့် မိုးညှင်းမြို့နယ် များ ပါဝင်ကြောင်း သိရသည်။

''ကျွန်တော်တို့ ဆိုင်ကယ်စည်း တဲ့သူတွေအနေနဲ့ မျက်နှာဖုံးဝတ်ဆင် ပြီးတော့ ဆိုင်ကယ်စည်းတာက တခြား ရည်ရွယ်ချက် မရှိပါဘူး။ အဓိက နေပူ ဒဏ်နဲ့ အညစ်အကြေးများကို ကာ ကွယ်နိုင်တဲ့အတွက် နှာခေါင်းစည်း (Mask)ကို တပ်တာပါ။ ဒါပေမဲ့ အစိုးရက မတပ်နဲ့ဆိုတော့လဲမတပ်ဘူးပေါ့'' ဟု မြစ်ကြီးနားမြို့တွင် နေထိုင်လျက် ရှိသော ကိုအိုက်ထက်က ပြောသည်။

Yangon Media Group

No comments:

Post a Comment