Thursday 14 May 2015

ပုဂ္ဂလိက သိမ်းမည့် ရန်ကုန် အမှိုက်သိမ်းခ ပြည်သူ့ဆုံးဖြတ်ချက် ရယူမည်

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ပုဂ္ဂလိကအပိုင်းက သိမ်းဆည်းမည့် အမှိုက်သိမ်းခ
နှုန်းထားများကို ပြည်သူများထံမှ စစ်တမ်းကောက်ယူ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းမှုဌာန ဌာနမှူး ဦးမင်းအောင် က မေလ ၁၃ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

"အခုကောက်တဲ့နှုန်းထက် မြင့်တယ်။ စက်ယန္တရားတွေနဲ့ အဆင့်မီ သိမ်းဆည်းမယ်။ နှုန်းကို ပြည်သူတွေ လိုလားရင် ဆက်ပြီးတော့ လုပ်မယ်" ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်က လက်ရှိတွင် မြို့ပြနေ အိမ်ထောင်စု ၁၆၄,၀၈၀ စုကို တစ်ရက် ကျပ် ၂၀၊ မြို့ပြအပြင်ရှိ မြို့နယ်မှ အိမ်ထောင်စု ၃၈၅,၀၀၀ စုကို တစ်ရက် ၁၅ ကျပ်၊ ဆင်ခြေဖုံးရပ်ကွက် များရှိ အိမ်ထောင်စု ၂၂၀,၄၁၇ စု ကို တစ်ရက် ၁၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင် အိမ်ထောင်စုပေါင်း ၇၆၉,၄၉၇ ထိရှိနေသည်။

ပုဂ္ဂလိက က အမှိုက်သိမ်းဆည်းမည် ဆိုပါက တစ်ရက် ၁၀ ကျပ် မှ ကျပ် ၄၀၊ ၁၅ ကျပ် မှ ၄၅ ကျပ် နှင့် ကျပ် ၂၀ မှ ၅၆ ကျပ်ထိ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သည်။ ယင်းပမာဏ ကောက်ခံရေး အတွက် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းမှ အိမ်ထောင်စုပေါင်း ၅၂၀,၀၀၀သို့ မေလ ၁၈ ရက်မှ စတင်ကာ ကွင်းဆင်း သဘောထား ရယူသွားမည်ဟု ဒုတိယ ဌာနမှူး ဦးခင်ဝင်းက ပြောသည်။

"သဘောထားအားလုံးကို ဇွန် ၃၁ ရက်မှာ နောက်ဆုံးထား ဆင်းကောက်မယ်။ ပြီးရင် မြို့တော်ဝန်က တစ်ဆင့် တိုင်းအစိုးရအဖွဲ့ကို တင်ပြပြီး ဆုံးဖြတ်ချက် ရယူသွားမှာ ဖြစ်တယ်။ ပုဂ္ဂလိက စလုပ်မယ့် ရက်ကို အတိအကျတော့ မပြောနိုင်သေးဘူး" ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော်မှ နေ့စဉ် ထွက်ရှိနေသည့် အမှိုက်တန်ချိန် ၁,၆၀၀ ကို သိမ်းဆည်းရန် ရန်ကုန် အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်တွင် City Enviromental Company ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း ခရိုင်တွင် TYTC Services Co., Ltd တို့က ၂၀၁၄ ခုနှစ် ဧပြီလတွင် ၁၀နှစ်လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားခြင်း ဖြစ်သည်။

"၁၀ နှစ်လုံးအတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းထိ ရင်းနှီးမြုပ်နှံထားပါတယ်။ အရင်ထက် တိုးကောက်မှ ကိုက်မှာပါ။ ကျွန်တော်တို့က အရှုံးနဲ့တော့ စလုပ်လို့ မဖြစ်နိုင်ပါဘူး။ သြစတြေးလျမှာ အခု လက်ရှိလုပ်နေပါတယ်။ အခုနှုန်းက သြစတြေးလျထက် အများကြီး သက်သာပါတယ်" ဟု TYTC Services Co., Ltd ဒါရိုက်တာ အဖွဲ့ဝင် ဦးသန်းဝင်းက ပြောသည်။

ရန်ကုန် အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်က နေ့စဉ် အမှိုက်တန်ချိန် ၇၀၀ ကျော် ထွက်ရှိပြီး အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်က နေ့စဉ် တန်ချိန် ၈၀၀ ကျော် ထွက်ရှိနေသည်။ စည်ပင်သာယာ လက်ရှိ အမှိုက် သိမ်းစည်းမှု နှင့် သန့်ရှင်းရေးဝန်ထမ်း အလုပ်အကိုင် ရန်ကုန်စည်ပင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းမှုဌာနသည် အမှိုက်သယ်ယာဉ် ၄၅၁ စီး (မျိုးစုံ)၊ အမှိုက်ပုံးပေါင်း ၈,၇၀၇ လုံး၊ အမှိုက်လှည်းအစီး ၃,၀၀၀  စီး၊ သန့်ရှင်းရေးဝန်ထမ်း ၃,၈၀၀ ကျော် နှင့် စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်မှ အမှိုက်တန်ချိန် ၁၆၀၀ ကို သိမ်းဆည်းနေသည်ဟု ယင်းဌာနထံမှ သိရသည်။

ရန်ကုန်မှ ထွက်ရှိသည့် အမှိုက်များမှ တစ်တန်ကို ကျပ် ၁၅,၂၉၈ အကုန်အကျခံကာ ထားဝယ်ချောင်နှင့် ထိန်ပင် အမှိုက်ပုံများသို့ နေ့စဉ် စွန့်ပစ်နေရသဖြင့် အမှိုက်တန်ချိန် ၁,၆၀၀ကို စွန့်ပစ်ပါက ကျပ်ငွေ ၂၄,၄၇၆,၈၀၀ ကုန်ကျကာ ဌာနက နေ့စဉ် ၁၃,၃၀၀,၀၀၀ ကျပ် စိုက်ထုတ် သုံးစွဲနေရသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းမှုဌာန ဒု-ဌာနမှူး ဦးခင်ဝင်းက ဆိုသည်။

မူလကောက်ခံနေသည့် ၁၀၊ ၁၅၊ ၂၀ ကျပ် ဖြင့် အိမ်ထောင်စုပေါင်း ၇၆၉,၄၉၇ မှ နေ့စဉ် ကျပ် ၁,၁၂၆၀,၀၇၀ ကောက်ခံရရှိနေသည် ပြောင်းလဲကောက်ခံမည့် ၄၀၊ ၄၅၊ ၅၆ ကျပ် နှုန်းဖြင့် ကောက်ခံမည် ဆိုပါက တစ်ရက်လျှင် ငွေကျပ် ကျပ် ၁၉,၂၄၅,၄၂၀ ရရှိမည်ဖြစ်သည်။

အမှိုက်သိမ်းဆည်းမှု လုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးပါက ကုမ္ပဏီများက လိုအပ်မည့် ဝန်ထမ်းများနှင့် ယန္တရားပစ္စည်းများကိုလည်း ညှိနှိုင်းကာ လွှဲပြောင်း ရောင်းချပေးသွားမည်ဟု ဦးခင်ဝင်း က ပြောသည်။

"အခု သန့်ရှင်းရေး ဝန်ထမ်းတွေကို တစ်နေ့ ကျပ် ၃၀၀၊ လိုင်းခန်း၊ ဆေးကုသမှု စတာတွေ ပေးနေတယ်၊ အဲဒီထက် မလျော့တဲ့ နှုန်းနဲ့ ပေးရမယ်။ အကုန်လုံးကို ယူချင်မှ ယူမယ်၊ ဒါပေမယ့် ကျန်တဲ့သူတွေကို ဌာနကပဲ ဆက်ပြီး အရင်ပေးတဲ့အတိုင်းနဲ့ ဆက်ထားသွားမှာပါ" ဟု ၎င်းက ဆိုသည်။

တင်ဒါအောင်မြင်ထားသည့် City Enviromental Company က အမှိုက်သိမ်းဆည်းရေး အတွက် ဝန်ထမ်း အင်အား ၁,၀၀၀ ကိုသုံးစွဲသွားမည်ဖြစ်ပြီး အခြေခံလစာကို ကျပ် ၁၂၀,၀၀၀ နှင့် ထပ်ဆောင်းငွေ သုံးသောင်းကျပ် ပေးအပ်သွားရန် လျာထားကြောင်း ကုမ္ပဏီ လက်ထောက် အထွေထွေမန်နေဂျာ၊ ဦးပြည်စုံဖြိုး က ပြောသည်။

TYTC Services Co., Ltd ကမူ ဝန်ထမ်းအင်အား ခန့်ထားရေးနှင့် လစာလျာထား သတ်မှတ်ထားခြင်း မရှိသေးဘဲ သတ်မှတ်ပါကလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဥပဒေများဖြင့်သာ သတ်မှတ်သွားမည်ဟု ဒါရိုက်တာ အဖွဲ့ဝင် ဦးသန်းဝင်းက ပြောသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment