Thursday 14 May 2015

ကိုးကန့်တောင်ကုန်း ၃ ကုန်း အစိုးရတပ်သိမ်းပိုက်၊ စစ်သည်အချို့ ကျဆုံး

ကိုးကန့်တပ်တွေ အခိုင်အမာခြေကုပ်ယူထားတဲ့ တောင်ကုန်း ၃ ကုန်းကို အစိုးရတပ်ဖွဲ့ တွေက သိမ်းပိုက်နိုင် ခဲ့ပြီး စစ်သည်တချို့ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီ သတင်းက ကြေညာပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ မေလ ပထမပတ်က စတိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေယူကာ လှံစွပ်ထိုး တိုက်ခိုက်ခဲ့တာကြောင့် မေလ ၁၁ ရက်မှာ မာလုရွှေကျေးရွာ အရှေ့ဘက် ပွိုင့်-၁၆၀၇ တောင်ကုန်းနဲ့ ပွိုင့်-၁၇၀၉ တောင်ကုန်း ကိုရပြီး မေလ ၁၂ ရက်မှာ ပွိုင့်-၁၇၄၂ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း ကိုးကန့် အလောင်း ၇ လောင်း၊ အာပီဂျီ ၃ လက်၊ စက်လတ် ၂ လက်၊ အမ် (၂၂) သေနတ် ၆ လက်၊ ကေ (၁၂) သေနတ် ၁ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂ လက်နဲ့ ကျည်မျိုးစုံ သိမ်းဆည်းရမိပြီး တပ်မတော်ကစစ်သည်အချို့ သေဆုံးဒဏ်ရာရတာရှိတယ်လို့ သတင်းမှာဖော်ပြပါတယ်။

ဒါပေမယ့် တပ်မတော်သားတွေ သေဆုံးဒဏ်ရာရသူ အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး၊။

ကိုးကန့် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့ ပြီးခဲ့တဲ့ရက်ကတိုက်ပွဲမှာ ကိုးကန့်ဘက်က လက် လွှတ်လိုက်ရတဲ့ စခန်းတွေမရှိဘူးလို့ ပြောပါတယ်။

“ကျနော်သိသလောက်ကတော့ အဲလိုတိုက်ပွဲကြောင့်မလို့ ကျသွားတဲ့ ကုန်းကတော့ မရှိဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ မဟာဗျူဟာအရ ပြောင်းရွှေ့ထားတာတော့ စခန်းသေးသေးလေး တခုရှိတယ် အဲဒါကိုညွန်းလား တော့ မသိဘူး ၃ ခုတော့ မဖြစ်နိုင်ပါဘူး”

လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွား ရာမှာ ဒီနေ့လည်း နန်ထိန်မိန်တောင်ကုန်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ကိုးကန့် ဘက်ကပြောပါတယ်။

ကိုးကန့်တပ်မှူး ရန်ဂွန်ဟွာကတော့ အစိုးရတပ်တွေက ကိုးကန့်တပ်တွေရှိရာ နန်ထိန်မိန် တောင်ကုန်း နေရာကို သိမ်းဖို့ကြိုးစာတာ မအောင်မြင်တဲ့ အကြောင်းနဲ့ တနင်္လာနဲ့ အင်္ဂါ ၂ ရက် တိုက်ပွဲတွေမှာ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အနည်းဆုံး အစိုးရဘက်က ၁၀ ဦး သေဆုံး သွားတယ်လို့ ပြောပါတယ်။

ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေအေ ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့ရာမှာ ၃ လကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment