Thursday 14 May 2015

ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဘာ့ကြောင့် ဖြစ်နေရသလဲ ?

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အင်အား အလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တိုက်ပွဲများ ဖြစ်ပွားရခြင်းဟာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ ကျူးကျော်ဝင်ရောက်မှုကို အစိုးရတပ်တွေက ကာကွယ် တားဆီးရင်း တိုက်ပွဲဖြစ်ရတာပါ။ တိုက်ပွဲတွေ ပြင်းထန်လာတော့မှ မနိုင်မှန်းသိတော့ အစိုးရတပ် တွေက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်ဆိုပြီး မီဒီယာတွေကနေတစ်ဆင့် အော်ခိုင်းတာ ဖြစ်ပါတယ်။ အဓိက တရားခံဟာ သောင်းကျန်းသူအဖွဲ့ဖြစ်ပြီး အစိုးရတပ်တွေဟာကာကွယ်တာပါ။ အဲဒီ နှစ်ဖွဲ့ကို တန်းတူ သတ်မှတ်ပြီး အပြစ်ပုံချလို့ မရဘူးလို့ ဆိုချင်ပါတယ်။


ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ခပ်ကျဲကျဲ ဖြစ်သွားပြန်တော့ ကချင်နဲ့ ရှမ်းမြောက်အချို့နေရာတွေမှာ တိုက်ပွဲ တွေ ဖြစ်လာခဲ့ပြန်ပါတယ်။ ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းမှာဆိုရင် မေလ ၆ ရက်နေ့ကနေ ယနေ့ အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ မန်စီမြို့နယ်ထဲမှာ သစ်မှောင်ခိုဂိုဏ်း တွေကို အစိုးရတပ်တွေက လိုက်လံရှင်းလင်းဖမ်းဆီးတာကြောင့် KIA အဖွဲ့က မကျေနပ်လို့ စတင်ပစ်ခတ် ရာကနေ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

“ တိုက်ပွဲဖြစ်ရင် ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာကို မီဒီယာတွေက မရေးကြဘူး၊ အစိုးရတပ်တွေက အင် အား သုံး ပြီး သူတို့နယ်မြေထဲဝင်လာတယ်၊ စစ်ရေးအရ ဖိအားပေးတယ်ဆိုပြီး ဓာတ်ပြားဟောင်းကြီးပဲ ဖွင့်ပြနေတယ်၊ အမှန်တကယ်ကတော့ အစိုးရတပ်တွေက အကြောင်းမဲ့သက်သက် ၀င်လာတာမဟုတ်ဘူး၊ သစ်မှောင်ခိုတွေ ဖမ်းဖို့သွားတာပါ။ KIA အဖွဲ့က သစ်မှောင်ခို ဖမ်းတဲ့ အစိုးရတပ်တွေကို ပစ်ခတ်တိုက်ခိုက် တာကြောင့် တိုက်ပွဲ တွေဖြစ်ရတာ၊ ဒါအမှန်တရားပဲလေ ” ဟု မန်စီမြို့ခံတစ်ဦးက ပြောပါတယ်။

မန်စီမြို့နယ်၊ စီခမ်းကြီးဒေသ၊ နမ့်လင်းပါကျေးရွာအနီးတွင် မေလ ၅ ရက်နှင့် ၆ ရက်နေ့တွင် သစ်ခိုးထုတ် နေ သော အဖွဲ့တစ်ဖွဲ့အား အစိုးရတပ်များက ဖမ်းဆီးရမိခဲ့ရာ KIA အဖွဲ့နှင့် ယနေ့တိုင် တိုက်ပွဲဖြစ်ပွား နေရ ကြောင်း သိရပါတယ်။ သို့သော် ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး KIA အဖွဲ့မှ ပါဝင် ပတ်သက် ခြင်း မရှိဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူ ဦးလမိုင်ခွန်ဂျာက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောဆိုသွားတာ ရှိပါတယ်။

“ KIA က ဗြောင်လိမ်နေတာပါဗျာ၊ မတ်လကုန်ခါနီးတုန်းက မထက်၊ မဒယန်၊ မိုင်(၃၀)ဘက်မှာ ဖမ်းဆီး ရမိတဲ့ သစ်ခိုးဂိုဏ်းအဖွဲ့ဆီမှာ KIA က ခွင့်ပြုထားတဲ့ လက်မှတ်တွေ၊ ငွေပေးချေထားတဲ့ ဖြတ်ပိုင်းတွေ တောင်ပါသေးတယ်၊ သစ်ခိုးထုတ်နေတာ သူတို့အဖွဲ့နဲ့ မပတ်သက်ဘူးဆိုရင် ဘာဖြစ်လို့ သစ်ဖမ်းတဲ့ အစိုးရ တပ်တွေကို ပစ်သလဲ၊ KIA ခေါင်းဆောင်တွေဟာ ဘယ်တော့မှ အမှန်ကိုဝန်မခံရဲဘူး ” ဟု မြို့နယ် သစ်တောဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးကလည်း ပြောပါတယ်။

ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုများကြောင့် အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့နယ်တွင်လည်း အစိုးရတပ်နဲ့ TNLA တို့ မေ ၁၀ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွား နေကြောင်း သိရပါတယ်။ သိန်းနီမြို့နယ်၊ နားတီးကျေးရွာနှင့် မြောက်ဇီကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွား ရခြင်း မှာ ခရီးသွားယာဉ်များ၊ ခရီးသွားပြည်သူများအား TNLA အဖွဲ့မှ ဆက်ကြေးကောက်ခြင်းကြောင့် ဖြစ် ကြောင်း သိရပါတယ်။

“ ကွတ်ခိုင် - နမ့်ဖက်ကာ - မူဆယ် လမ်းမကြီးပေါ်မှာ TNLA အဖွဲ့က ဆက်ကြေးကောက်တာ၊ ကားတွေကို တားပြီး ခရီးသည်တွေကို ဆင်းခိုင်းတယ်၊ ကားတစ်စီး ဘယ်လောက်ပေးဆိုပြီး တောင်းတယ်၊ မပေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့ ပေးရတာပဲ၊ ငွေရမှ ကားတွေကို ပြန်လွှတ်တာ၊ ကျွန်တော်က ကိုယ် တွေ့ ပါ” ဟု ဒေသခံယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ စသည့်မြို့နယ်များတွင် ဒေသခံပြည်သူများအား TNLA အဖွဲ့မှ ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ တောင် ဆက်ကြေး ကောက်ခံခြင်းတို့ကြောင့် အစိုးရတပ်များမှ နယ်မြေလုံခြုံရေးအတွက် လိုက်လံ ရှင်း လင်းရာ ယင်းအဖွဲ့မှ စတင်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရှေ့တန်းတပ်မှ အရာရှိ တစ်ဦးရဲ့ ပြောပြ ချက်အရ သိရပါတယ်။

“ ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဖြစ်နေခြင်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်ဆီးသလို ဖြစ်နေ တယ် ဆိုပြီး NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသွားတယ်၊ နိုင်ဟံသာပြောသလို ဆွေးနွေးပွဲပျက်မှာ စိုးလို့ အစိုးရ တပ်တွေက ရပ်လိုက်လျှင် ကြည့်လိုက်ပါ။ ကချင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတွေမှာ သစ်တစ်ပင်မှ မရှိတော့တဲ့ တောင်ကတုံးတွေ ဖြစ်သွားပါလိမ့်မယ်။ ကမ္ဘာမြေကြီးကို ထိန်းသိမ်းချင်တဲ့၊ သဘာဝကြီးကို ချစ်လှ ပါတယ်ဆိုတဲ့သူများလည်း နိုင်ဟံသာကို ၀ိုင်းပြောပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

နိုင်လင်း
Today Myanmar

No comments:

Post a Comment