Thursday 14 May 2015

ဖခင်က ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်၍ အချုပ်ကျနေသောသားကို အက်ရှင်ကားဆန်ဆန် ကယ်ထုတ်

မူးယစ်မှုဖြင့် ရဲစခန်း တွင် အချုပ်ကျနေသော သား ကို ကယ်တင်ရန် ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ဝင်အချို့အား တိုက်ခိုက်ကာ အက်ရှင်ကားဆန်ဆန် ကယ်ထုတ်သွားမှုတစ်ခု မေလ ၁၂ ရက်က မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

မေလ ၁၂ ရက် နေ့လယ်က မူးယစ်မှုဖြင့် အချုပ်ကျခံနေရ သည့် သန်းထိုက်စိုးက ဗိုက် အောင့်ကြောင်း ပြောသဖြင့် ရဲတပ် ကြပ်တစ်ဦးနှင့် ဒုရဲတပ်ကြပ်တစ် ဦးတို့က ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်စဉ် ဖခင်ဖြစ်သူက လာရောက်ကယ် ထုတ်သွားသည်ဟု ဆိုသည်။ မူးယစ်မှုဖြင့် တရားရင်ဆိုင် နေရ ပြီး မိုးကုတ်မြို့အချုပ်ထောင်တွင် အချုပ်ကျခံနေရသော အသက် (၂၄)နှစ်အရွယ် သန်းထိုက်စိုး(ခ)အူဝဲဆိုသည့် ရှမ်း/လီဆူအမျိုး သားကို ဖခင်က ကယ်ထုတ်သွား ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦးက သန်းထိုက်စိုး(ခ) အူဝဲအား ဆိုင်ကယ်အလယ်တွင် တင်ဆောင်ကာ မိုးကုတ်မြို့ အကျဉ်းထောင်မှ မိုးကုတ်မြို့ဆေးရုံသို့ခေါ်ဆောင် လာစဉ် မိုးကုတ်မြို့မရပ်ကွက်၊ ရွှေခေတ်အအေးဆိုင် အနီးအ ရောက်တွင် ၎င်း၏ဖခင် ဦးမောင်ကြည်ဆိုသူ ရုတ်တရက်ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်တို့၏ ဆိုင် ကယ်ကိုကြိုးကွင်းဖြင့် ပစ်ခဲ့သည်။

ယင်းကြိုးကွင်းမှာ ဆိုင်ကယ် မောင်းနှင်နေသည့် ရဲတပ်ကြပ်ကို စွပ်မိပြီး ဆိုင်ကယ်လဲကျသွားစဉ် ဦးမောင်ကြည်က ရဲတပ်ဖွဲ့ဝင် နှစ်ဦးစလုံးအား ဓားဖြင့်ဝင်ခုတ်ကာ ၎င်း၏သားကို ကယ်ထုတ် သွားခြင်းဖြစ် သည်ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

ဓားဖြင့်ခုတ်ခံရမှုကြောင့် ရဲဒုတပ်ကြပ်၏ ယာတံတောင်တွင် ဒဏ်ရာရရှိခဲ့ပြီး သားအဖနှစ်ဦးမှာမူ ဆိုင်ကယ် ဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်ဟုဆိုသည်။

‘‘မြို့လယ်ကောင်မှာဖြစ်သွားတာ။ အနီးနားကလူတွေကလည်း ရုတ်တရက်ဆိုတော့ ရဲနဲ့ အရပ်သား ရန်ဖြစ်တယ် ထင်ကြတာ။ သူတို့အချင်းချင်း အချိန်းအချက်လုပ်ပြီး ကယ်ထုတ်သွားတဲ့သဘောပေါ့။ ရဲဘက် ကလည်း နည်းနည်းပေါ့လျော့တဲ့အပိုင်းပါတာပေါ့။ အခုတော့ နေ့လယ်အချိန်ကြီးကိုဖြစ်သွားပြီး သားဖ နှစ်ယောက်စလုံး လွတ်သွားတယ်’’ဟု မိုးကုတ်မြို့ခံ ကိုရဲ အောင်က ပြောသည်။

ယခုထွက်ပြေးလွတ်မြောက်သွားသည့် သန်းထိုက်စိုး(ခ)အူဝဲ ဆိုသူမှာ လွန်ခဲ့သည့်လေးနှစ်ခန့် ကလည်း မူးယစ်မှုဖြင့် အချုပ်ကျ ခံရဖူးသည်ဟု မိုးကုတ်မြို့ခံအချို့ က ပြောသည်။

တရားခံထွက်ပြေးလွတ်မြောက်သွားမှုအတွက် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ချုပ်နှောင်ထားပြီး အခင်းဖြစ်ရပ်ကို စုံ/ခုံဖွဲ့စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထို့အတူ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦး ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် အလိုက် ပူး ပါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သန်းထိုက်စိုး(ခ) အူဝဲဆိုသူ မှာ မိုးကုတ်မြို့နယ်ရဲစခန်းတွင် (မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်) မူး/စိတ်ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်ခံထားရကာ ရဲစခန်းတွင် ချုပ်နှောင် ခံထားရပြီး တရားရင်ဆိုင်နေရသူဖြစ် သည်။ ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ ထွက်ပြေးသွား မှုအတွက် သန်းထိုက်စိုး(ခ)အူဝဲ နှင့် ဖခင်ဦးမောင်ကြည်တို့အား မိုးကုတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုပုဒ်မ ၂၂၄/၂၂၅/၃၃၃ တို့ဖြင့် အမှုဖွင့်ထားကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment