Thursday 14 May 2015

မော်တော်ဆိုင်ကယ်စီး သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ပါကစ္စတန် တွင် ၄၃ ဦး သေဆုံး

ပါကစ္စတန်တောင်ပိုင်းရှိ ကရာချိမြို့တွင် မော်တော်ဆိုင်ကယ်စီး သေနတ်သမားများက ဘက်စ်ကားတစ်စီး ကို ဝိုင်းဝန်းပစ်ခတ်ကြရာတွင် အနည်းဆုံး လူ ၄၃ ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ရာ ဘာသာရေး လူနည်းစုအပေါ် ထပ်မံတိုက်ခိုက်လိုက်သည့် လုပ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

“တိုက်ခိုက်ရေးသမား ခြောက်ယောက်ဖြစ်ပါတယ်။ ကားပေါ်ကို တက်လာကြပြီး ပစ်သတ်သွားတာပါ” ဟု ရဲမှူးကြီးတစ်ဦးဖြစ်သူ နာဂျစ်ခန်းက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

ယင်းဘတ်စ်ကားပေါ်မှ ခရီးသည်များသည် ရှီးယိုက်လူနည်းစုများနေထိုင်ရာရပ်ရွာမှ ထွက်လာခြင်း ဖြစ်သည်။

ပါကစ္စတန်နိုင်ငံတွင် ဆွန်နီမွတ်ဆလင်များက လူများစုဖြစ်ပြီး ရှီးယိုက်များက လူနည်းစု ဖြစ်ကြသည်။

ပါကစ္စတန် တာလီဘန်အခွဲတစ်ခု ဖြစ်သော ဂျွန်ဒူလာဆိုသည့် စစ်သွေးကြွအဖွဲ့က ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သေသွားတဲ့လူတွေဟာ အစ္စမာလီရပ်ရွာက ဖြစ်တယ်။ သူတို့ကို မွတ်ဆလင်တွေလို့ မယူဆဘူး။ လာမယ့် နေ့တွေ မှာ အစ္စမာလီတွေ၊ ရှီးယိုက်တွေနဲ့ ခရစ်ယာန်တွေကို သုတ်သင်သွားမယ်” ဟု ယင်းအဖွဲ့မှ ပြောခွင့်ရသူ အာမက်မာဝက်က ဆိုသည်။

ဒဏ်ရာရရှိသူလည်း ၁၃ ဦး ရှိကြောင်း ပြည်နယ်ရဲချုပ် ဂူလန်ဟိုင်ဒါ ဂျာမာလီက ဒေသခံ မီဒီယာများကို ပြောကြားခဲ့သည်။

ထိုဘတ်စ်ကားသည် အလုပ်ကြိုပို့ကား ဖြစ်ကြောင်း အစ္စမာလီရပ်ရွာမှ ဒေသခံတစ်ဦးဖြစ်သူ အယီရှာအလီ က ငိုယိုရင်း ရုပ်သံလိုင်းတစ်ခုကို ပြောကြားသွားခဲ့သည်။

ဘာသာရေးလူနည်းစုများ၏ ဗလီများကို တာလီဘန်အခွဲအဖွဲ့များက မကြာခဏ ဗုံးများခွဲပြီး တိုက်ခိုက်လေ့ ရှိသည်။

မတ်လအတွင်းကလည်း လာဟိုးမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်းကို အသေခံ ဗုံးခွဲသမား တစ်ဦးက တိုက်ခိုက်ခဲ့ရာ ၁၄ ဦး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly 

No comments:

Post a Comment