Thursday 14 May 2015

မကွေးတိုင်းအတွင်း သောက်သုံးရေ မလုံလောက်မှုများ ပိုမိုကြုံတွေ့လာရပြီး ရေချိုတွင်းတစ်တွင်းတည်းကို ကျေးရွာခြောက်ရွာက မှီခိုနေရ

မကွေးတိုင်းဒေသကြီး ကြို့ပင်အင်းကျေးရွာ စမ်းတွင်းတစ်တွင်း၌ ကလေးငယ်များ ရေခပ်နေစဉ်
မတ်လပိုင်းမှစ၍ မေလလယ်ပိုင်းအထိ နေ့အပူချိန် ဆက်တိုက်မြင့်တက်လာမှုကြောင့် မကွေးတိုင်း မကွေး၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ရေစကြို၊ နတ်မောက်၊ ထီးလင်း၊ ကံမ၊ ဆင်ပေါင်ဝဲ မြို့နယ်များအတွင်း ကျေးရွာများတွင် သောက်သုံးရေ မလုံလောက်မှုများ ပိုမိုသိသာစွာ ကြုံတွေ့လာရပြီး မန္တလေးတိုင်းနှင့် မကွေးတိုင်းနယ်ခြား ချောက်မြို့နယ် ဂွေးချိုကျေးရွာနှင့် နီးစပ်ရာကျေးရွာပေါင်း ခြောက်ရွာက ယင်းကျေးရွာရှိ ရေချိုတွင်း တစ်တွင်းတည်းကို မှီခိုရသည်အထိ ရှိလာကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ချောက်မြို့နယ် ဆင်ကကျေးရွာတွင် အ၀ီစိစက်တွင်း ရေခပ်ယူရန် လှည်းများဖြင့် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)
အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ် ကျော်သည်အထိ ပြင်းလွန်းသောကြောင့် မကွေးတိုင်းအတွင်းသာမက မကွေးတိုင်း ချောက်မြို့နယ်နှင့် ဆက်စပ်နေသာ မန္တလေးတိုင်းအတွင်း ကျောက်ပန်းတောင်းနှင့် ညောင်ဦး မြို့နယ် များအတွင်း ကျေးရွာများတွင်လည်း သောက်သုံးရေအခက်အခဲနှင့် သောက်ရေမလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ထိုကျေးရွာများမှ အဓိကမှီခိုရသည့် ရေကန်များတွင် ဧပြီလပိုင်းမှစ၍ ရေလုံးဝ ခန်းခြောက်ခဲ့ပြီး အ၀ီစိစက်ရေတွင်း လုံးဝမရှိသည့် ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ နေရကြောင်း သိရသည်။

ချောက်မြို့နယ် ဂွေးချို၊ ရှားပင်၊ မကြီးစောက် စသည့်ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ် မင်းကန်ကျေးရွာ အပါအ၀င် အိမ်ခြေ ၁၀၀၀ ခန့်က ဂွေးချိုကျေးရွာမှ အ၀ီစိစက်ရေတွင်း (ရေချိုတွင်း) တစ်တွင်းတည်းကိုသာ မှီခိုနေရကြောင်း မကွေးမြို့နယ် အင်ကြင်းကိုင်းကျေးရွာ၊ ကြို့ပင်အင်းကျေးရွာ၊ နတ်မောက်မြို့နယ် ညောင်ကျပ်ပင်ကျေးရွာတို့တွင် လက်တူးစမ်းတွင်းများမှရေကို ညသန်းခေါင်ကျော်အထိ တန်းစီခပ်ယူရသည့် အခြေအနေမှ မေ ၁၀ နောက်ပိုင်းမှစ၍ ညအိပ်ခပ်ယူရန်ပင် ရေမလုံလောက်မှုများ ကြုံတွေ့နေရကြောင်း ထိုကျေးရွာများတွင် နေပူချိန် အပြင်းဆုံးအချိန်များတွင်ပင် ရေတန်းစီရသောကြောင့် အပူလျှပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာခေါင်းသွေးယိုခြင်း စသည့်အခြေအနေများ ကြုံတွေ့နေရကြောင်း ကံမမြို့နယ်အတွင်း ကျေးရွာအချို့တွင်လည်း သောက်သုံးရေပြတ်လပ်မှုကြောင့် ပဲခူးတိုင်းပြည်မြို့နှင့် နီးစပ်ရာမြို့များမှ လှူဒါန်းသည့်ရေကို မှီခိုနေရကြောင်း သိရသည်။

“ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ သောက်ရေနဲ့ ချက်ပြုတ်ရေးအတွက် သုံးလို့ ရတဲ့ ရေချိုတွင်းက တစ်တွင်းပဲ ရှိပါတယ်။ အဲဒီတွင်းကို ကျွန်တော်တို့ တစ်ရွာတည်းတင် မဟုတ်ဘဲ နီးစပ်ရာ ရွာတွေကလည်း မှီခိုရပါတယ်။ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ် ကျွန်တော်တို့ရွာဝန်းကျင်မှာ ရေချိုတွင်းက ဒီတစ်တွင်းပဲ ရှိတာပါ။ ရွာမှာက ဘော်ဒါခုနှစ်ခုရှိတော့ အဲဒီဘော်ဒါတွေက ကျောင်းသူ ကျောင်းသားတွေအတွက် နေ့စဉ်ရေဖိုးကချည်း သောင်းဂဏန်းလောက် ကုန်ကျပါတယ်။ ရွာထဲက အိမ်တွေမှာ လူရော၊ တိရစ္ဆာန်တွေအတွက်ရော တစ်နေ့ကို ရေနှစ်စည် အနည်းဆုံး လိုပါတယ်။ တစ်အိမ်မှာ တစ်နေ့ ရေတစ်စည်ပဲ လိုတယ်ထားပါ။ ရေတစ်စည်ကို ကျပ် ၅၀၀ ပေးဝယ်ရတော့ ရွာမှာရှိတဲ့ အိမ်ခြေနဲ့ တွက်ရင် ကျွန်တော်တို့ရွာ တစ်ရွာတည်းက တစ်နေ့ကိုရေဖိုးချည်းပဲ ကျပ်နှစ်သိန်းခွဲလောက် ကုန်နေတဲ့ သဘောပါ။ ဒါကြောင့် အစိုးရအဖွဲ့က အဓိကကူညီပြီး ကျေးရွာက စုပေါင်းအားနဲ့ ရေချိုတွင်းတွေ ထပ်တူးပေး မှ အဆင်ပြေနိုင်မှာပါ” ဟု ဂွေးချိုကျေးရွာမှ ကိုညီဇော်ချစ်က ပြောပြသည်။

စဥ့်ကူမြို့ မဟာဝိသုတာရုံကျောင်းတိုက်မှ ဆရာတော် ဦးဥတ္တမက “မန္တလေးတိုင်း ငါ့သရောက်မြို့နယ်ထဲက ဆင်သားမွေးရွာမှာ အိမ်ခြေ ၃၅၀ ကျော်ရှိပြီး အ၀ီစိစက်ရေတွင်း လုံးဝမရှိလို့ ရွာနဲ့တစ်မိုင်ကျော်ဝေးတဲ့ ကျေးရွာမှာ နေ့စဉ်ရေသွားခပ်နေရပါတယ်။ ကိုယ့်အားကိုကိုးပြီး ရွာမှာရေတွင်းတူးတာလည်း ပေတစ်ထောင် ကျော် တူးရမှာကို ပေ ၂၀၀ လောက်ပဲ တူးနိုင်ပြီး အခက်အခဲတွေ ဖြစ်နေကြပါတယ်။ အဲဒီရွာမှာ နှစ်စဉ်ရေဒုက္ခ ကြုံရပေမယ့် အခုနှစ်က ပိုဆိုးတာပါ” ဟု မိန့်ကြားသည်။

မကွေတိုင်း ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဋ္ဌာနက ထီးလင်းမြို့နယ် ပါးပြင်ကျေးရွာတွင် ရေဂါလန် ၄၅၀၀ နှင့် ကံမမြို့နယ် အလယ်ချောင်း၊ ပေပင်ကျေးရွာတို့တွင် သောက်သုံးရေများ ပံ့ပိုးပေးထားကြောင်း သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရသည့် ကျေးရွာအချို့မှ ထိုရုံးသို့ တင်ပြမှုများ ရှိထားပြီး အခြား ကျေးရွာများမှလည်း လိုအပ်သော အချက်အလက်များနှင့်အတူ တင်ပြပေးနိုင်ကြောင်း ထိုတင်ပြမှုများကို နောက်တစ်နှစ်ဘတ်ဂျက်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment