Thursday 14 May 2015

သရုပ်ဆောင် မင်းအုပ်စိုးအမှု ၎င်း၏ ဇနီးဖြစ်သူကို စစ်ဆေး

သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် သေဆုံးမှုအတွက် သရုပ်ဆောင် မင်းအုပ်စိုးကို ဗဟန်းမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၈ရက် နံနက်က တတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် တရားလိုပြ သက်သေအဖြစ် ၎င်း၏ ဇနီးဖြစ်သူကို မေ ၁၃ ရက်၊ နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

သရုပ်ဆောင် မင်းအုပ်စိုး၏ ဇနီးဒေါ်သက်ထားစုကို စစ်ဆေးရာ ၎င်းတို့ခြံဝင်းအတွင်း တိုက်ခန်းလေးလုံးရှိပြီး မိမိတို့မိသားစုမှာ တိုက်တစ်လုံးတွင် နေထိုင်ကာ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွက် ကိုမင်းအုပ်စိုး အပြင်ထွက်သွားပြီး မိမိနှင့် ကလေးနှစ်ဦး အိပ်ခန်းအတွင်း အိပ်ယာဝင်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းတွင် ကိုမင်းအုပ်စိုး၏ အစ်မဖြစ်သူက မတေးနုရင် သေဆုံးသွားပြီ ဟုပြောပြီး လာနိုးသဖြင့် ဖြစ်စဉ်ကိုသိရခြင်းဖြစ်ကာ ယင်းအချိန်တွင် ကိုမင်းအုပ်စိုးမှာ ရဲစခန်းသို့ ရောက်ရှိ နေပြီဖြစ်ပြီး အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့သည်။ ထို့ပြင် ဒေါ်သက်ထားစုက မင်းအုပ်စိုးနှင့် အိမ်ထောင်သက်တမ်း ၁၂ နှစ်အတွင်း အခြားသောမိန်းကလေးများနှင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ခြင်း မရှိသကဲ့သို့ လျှို့ဝှက်ထားသည့် လူမှုရေးကိစ္စများလည်းမရှိဟု တရားခွင်တွင် ထွက်ဆိုခဲ့ သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချို ရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင် (ခ)တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလိုပြုတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၎င်း အလုပ်လုပ်သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ် သည့် ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူတစ်ဦး ဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး၊ အနောက်ပိုင်း ခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃)က ပြစ်မှုကြီးပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်း ဖြစ်ကာ လာမည့်မေ ၂၀ ရက်တွင် တရားလိုပြ သက်သေတစ်ဦးကို ထပ်မံစစ်ဆေးသွားမည် ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment